ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်အရှေ့တောတွင် KTLA ဆာကဆောတပ် ပစ်ခတ်မှုကြောင့် KNLA တပ်ဖွဲ့ဝင်အချို့ဒဏ်ရာရဟု KNU ထုတ်ပြန်

March 5, 2026

ပုံစာ - KNLA တပ်ရင်း (၁၂) က ထိခိုက်ဒဏ်ရာရ ရဲဘော်

ထားဝယ်အရှေ့တောဒေသတွင် ကော်သူးလေတပ်မတော်-KTLA ဆာကဆောတပ်က ပစ်ခတ်မှုကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၂) က ရဲဘော်ငါးဦး ထိခိုက်ဒဏ်ရာရကြောင်း KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင်က မတ်လ ၄ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မတ်လ ၄ရက် ညနေ ၃နာရီခန့်တွင် ရေဖြူမြို့နယ်၊ ထားဝယ်အရှေ့တောဒေသ ဖောင်းတောနှင့် ပျားသားချောင်းကျေးရွာ ကြားတွင် KNLA တပ်ရင်း (၁၂) က တပ်ဖွဲ့ဝင်များကို တပ်မမှူး ဗိုလ်အယ်ခွီး (ခေါ်) ဗိုလ်ကော်လဖိုး ဦးဆောင်သည့် ဆာကဆောတပ်က ခြုံခိုတိုက်ခိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

KNLA တပ်ရင်း (၁၂) တပ်ဖွဲ့ဝင်များက စစ်အာဏာရှင်တပ်နှင့် စစ်ရေးဖော်ဆောင်နေသည့်နေရာသို့ အင်အားဖြည့်ရန် သွားနေစဉ် ယင်းသို့ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။

KNLA တပ်ဖွဲ့ဝင်တစ်ဦးကို အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းရာ “ညနေက ပစ်ခတ်မှုဖြစ်တယ်လို့တော့ ကြားလိုက်တယ်။ (တခြားနေရာ ရောက်နေလို့) အသေးစိတ်အခြေအနေ မသိဘူး” ဟု ပြောသည်။

KNU တပ်မဟာ (၄) က ထုတ်ပြန်ချက်ပါ အကြောင်းအရာနှင့် ပက်သက်ပြီး Dawei Watch က ကော်သူးလေတပ်မတော်-KTLA ၏ လူမှုကွန်ရက်စာမျက်နှာ မက်ဆင်ဂျာမှတစ်ဆင့် ဆက်သွယ်မေးမြန်းရာ “မရှိပါဘူးခင်ဗျာ” ဟု သာ ပြန်လည် ဖြေကြားခဲ့သည်။

“မရှိပါဘူး” ဟု ဖြေကြားမှုမှာ မည်ကဲ့သို့ ဆိုလိုခြင်းဖြစ်သည်ကို ထပ်မံမေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

KTLA ဆာကဆောတပ်၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်လည်း စာဖြင့် ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။