သန့်စင်ပြီးသား လောင်စာဆီများ ပြည်ပတင်ပို့မှုကို ရပ်ဆိုင်းထားရန် ကုမ္ပဏီများအား တရုတ်အစိုးရက ညွှန်ကြားထားကြောင်း ယနေ့ မတ်လ ၅ ရက်တွင် Reuters သတင်းဌာနက ဖော်ပြသည်။
ယင်းအပြင် တင်ပို့ရန် သဘောတူထားသည့် စာချုပ်များကိုလည်း ကြိုးစားဖျက်သိမ်းကြရန် ကုမ္ပဏီများအား တရုတ်အစိုးရက တိုက်တွန်းထားသည်။
အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများ ပိုမိုကျယ်ပြန့်လာမှုကြောင့် ရေနံချက်စက်ရုံများ၏ ထုတ်လုပ်မှုကျဆင်းလာချိန်တွင် တရုတ်အစိုးရ၏ ယင်းညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့ရာတွင် နိုင်ငံတကာခရီးစဉ်များအတွက် လေယာဉ်ဆီဖြည့်တင်းခြင်း၊ သင်္ဘောလောင်စာဆီထောက်ပံ့ခြင်း၊ ဟောင်ကောင်နှင့် မကာအိုသို့ လောင်စာဆီ ပို့ဆောင်ခြင်းတို့မှာမူ ယင်းညွှန်ကြားချက်တွင် အကျုံးဝင်မည်မဟုတ်ကြောင်း ဆိုသည်။
တရုတ်နိုင်ငံ၏ ထိပ်တန်းစီးပွားရေးစီမံကိန်းရေးဆွဲရေးအဖွဲ့ဖြစ်သည့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) မှ တာဝန်ရှိသူများက ရေနံချက်စက်ရုံကုမ္ပဏီကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ သန့်စင်ပြီးသား လောင်စာဆီတင်ပို့မှုများကို လက်ငင်းချက်ချင်း ဆိုင်းငံ့ထားရန် နှုတ်ဖြင့် တိုက်တွန်းခဲ့ကြောင်း နီးစပ်သူသတင်းအရင်းအမြစ်များကို ကိုးကား၍ Bloomberg သတင်းဌာနက ယနေ့ ကြာသပတေးနေ့တွင် ဖော်ပြသည်။
တရုတ်နိုင်ငံသည် အာရှ၏ အကြီးမားဆုံး လောင်စာဆီတင်ပို့သည့် နိုင်ငံများအနက် တစ်ခုဖြစ်သည်။
တရုတ်နိုင်ငံမှ လောင်စာဆီ တင်ပို့မှု လျော့ကျလာခြင်းသည် အာရှဒေသတွင်း လောင်စာဆီ ပြတ်လပ်နိုင်ခြေကို ပိုမိုဆိုးရွားစေနိုင်ကာ ရေနံချက်လုပ်ငန်း၏ အမြတ်နှုန်းကို ပိုမိုမြင့်တက်လာစေဖွယ်ရှိသည်။
Source: Reuters ၊ Bloomberg







