ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းတွင် စက်သုံးဆီဖြည့်ရန် တန်းစီစောင့်နေသူသုံးဦး မူးမေ့လဲကျ

March 5, 2026

ပုံစာ - ထားဝယ်မြို့ရှိ စက်သူံးဆီဆိုင်တစ်ဆိုင် တွင် မြို့ခံအချို့ ဆီဖြည့်နေကြစဉ်။(ပုံဟောင်း)

သရက်ချောင်းမြို့တွင် စက်သုံးဆီဖြည့်ရန် တန်းစီစောင့်ဆိုင်သူသုံးဦး မူးမေ့လဲကျကြောင်း မြိုခံအချို့က ပြောသည်။

သရက်ချောင်းမြို့မရဲစခန်းအနီးရှိ Petro Green စက်သုံးဆီဆိုင်တွင် မတ်လ ၄ ရက် မွန်းလွဲပိုင်းတွင် ဆီဖြည့်ရန် စောင့်ဆိုင်း နေသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ မူးမေ့လဲကျခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

“နေပူလို့ ဖြစ်တာပေါ့နော်။ ကြီးကြီးမားမားတော့ မဖြစ်ဘူး။ တစ်ယောက်ပဲ အရေးပေါ်ကားနဲ့ လာခေါ်သွားရတယ်” ဟု ၎င်းက ပြောဆိုသည်။

သရက်ချောင်းမြို့တွင် မတ်လ ၂ရက်ကစပြီး စက်သုံးဆီဆိုင်များပိတ်ထားခဲ့ရာမှ မတ်လ ၄ရက်တွင် မွန်းလွဲ ၁ နာရီမှ ၄ နာရီအထိ ပြန်လည်ရောင်းချကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။

ယင်းသို့ရောင်းချနေချိန် နယ်ကျေးရွာများကပါ လာရောက်တန်းစီကာ ဆီလာဖြည့်ကြပြီး လူနှင့် ဆိုင်ကယ် ရာနှင့်ချီ နေပူ ထဲတွင် တန်းစီစောင့်နေကြကြောင်း မြို့ခံများက ဆိုသည်။

အထက်ပါ Petro Green ဆီဆိုင်တွင် ယနေ့ မတ်လ ၅ ရက် နံနက်၆ နာရီမှ ၁၁ နာရီအထိ ရောင်းချပေးခဲ့ကြောင်း အထက်ပါဖော်ပြပါ မြို့ခံက ပြောဆိုသည်။

“မနေ့က စဖွင့် ဖွင့်ချင်း တစ်စီးချင်း ထည့်တော့ လူတွေ ဆိုင်ကယ်တွေ ပိတ်သွားတယ်။ ဆိုင်ဝန်ထမ်းတွေလည်း လက်မလည်အောင် ဖြစ်ရတယ်။ ဒီနေ့ကတော့ ငါးစီးပြီးမှ ငါးစီးဝင်ခိုင်းတော့ မနေ့ကလို့ ဆီဆိုင်ဝင်းထဲ မပိတ်ပဲ ရှင်းသွားတယ်” ဟု ၎င်းက ပြောသည်။

သရက်ချောင်းတွင် မော်တော်ယာဉ်တစ်စီးလျှင် စက်သုံးဆီ ကျပ်ငါးထောင်နှင့် ကျပ်တစ်သောင်းကြားသာ ရောင်းချခဲ့ကြောင်း မြို့ခံအချို့ထံမှသိရသည်။

ထားဝယ်မြို့တွင်လည်း မတ်လ ၂ရက်ကစပြီး ယနေ့အထိ စက်သုံးဆီဆိုင် အသီးသီးတွင် မြို့ခံနှင့် ခရီးသွားများ စက်သုံးဆီ တန်းစီ ဝယ်ယူလျက်ရှိသည်။

ဖေဖော်ဝါရီလ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အား တိုက်ခိုက်ခဲ့ပြီးနောက် ကမ္ဘာနိုင်ငံအသီးသီးတွင် စက်သုံးဆီ အကျပ်အတည်း ဖြစ်ပေါ်လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများတွင်လည်း မတ်လ ၂ ရက်ကစပြီး စက်သုံးဆီ တိုးကြိတ်ဝယ်ယူသူ များနေသောကြောင့် အကန့်အသန့် ဖြစ်သာ ရောင်းချခြင်း၊ ဆိုင်ပိတ်ခြင်းများရှိ ဖြစ်ပေါ်နေသည်။