ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းမြို့နယ် ဝင်းဝစခန်းအနီး ရွာများကို စစ်အာဏာရှင်တပ်က ဗုံးကြဲ

March 5, 2026

သရက်ချောင်းမြို့နယ်အောက်ပိုင်း မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝစခန်း အနီးဝန်းကျင် ကျေးရွာများကို စစ်အာဏာရှင်တပ်က မတ်လ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။

မတ်လ ၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မင်းဒပ်ရွာထဲကို ပေါင် ၂၅၀ ကလက်စတာဗုံးတစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ခြေလျင်စစ်ကြောင်းကလည်း နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ၎င်းတို့က ပြောသည်။

စစ်ရေးဖော်ဆောင်နေသည့်ကာလအတွင်း ဖုန်းလိုင်းများ ပြတ်တောက်နေခြင်း၊ ဒေသခံများ စစ်ဘေးရှောင်နေရခြင်းတို့ကြောင့်နေအိမ်မီးလောင်ပျက်စီးမှု အရေအတွက်နှင့် မီးလောင်ရသည့် အခြေအနေအသေးစိတ်ကို မသိရသေးပေ။

ယနေ့(မတ် ၅) နံနက် ၉ နာရီ ၁၄ မိနစ်တွင်လည်း စုံစင်ဖျားရွာအနီးဝန်းကျင်ကို ပေါင် ၂၅၀ ကလက်စတာဗုံး နှစ်လုံးကြဲချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်လည်း ပစ်ခတ်သွားသည်ဟု စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။

“ထိခိုက်မှုကတော့ မကြားရသေးဘူးခင်ဗျ” ဟု ၎င်းက ဆိုသည်။

သတင်းရင်းမြစ်များက ပေါင် ၂၅၀ ကလက်စတာဗုံး ဟုဆိုသော်လည်း ဗုံးအမျိုးအစားနှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်ရှိ ဝင်းဝစခန်းနှင့် စစ်ကြောင်းထိုးနေသည့် ခြေလျင်တပ်များကို ဖေဖော်ဝါရီလ ၁၀ ရက်ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များက တိုက်ခိုက်မှုများ လုပ်ဆောင်နေသဖြင့် စစ်အာဏာရှင်တပ်ကလည်း ကြည်း၊ ရေ၊ လေဖြင့် တန်ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။