ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အုပ်စုကို ပိုမိုတင်းကျပ်စွာ အရေးယူမည့်ဥပဒေကြမ်း ကန်အထက်လွှတ်တော်အမတ်များ တင်သွင်း

March 5, 2026

မြန်မာစစ်အုပ်စုအပေါ် အမေရိကန်အစိုးရက ပိုမိုတင်းကျပ်စွာ အရေးယူဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်သည့် BRAVE Burma Act ဥပဒေကြမ်းကို ရီပတ်ဘလင်ကန်နှင့် ဒီမိုကရက်ပါတီနှစ်ရပ်စလုံးမှ အမေရိကန်အထက်လွှတ်တော်အမတ်များက မတ်လ ၄ ရက်နေ့တွင် တင်သွင်းလိုက်သည်။

၂၀၂၂ ခုနှစ် BURMA Act ဥပဒေကို အခြေခံ၍ ရေးဆွဲထားသည့် BRAVE Burma Act (Bringing Real Accountability Via Enforcement in Burma Act) ဥပဒေမူကြမ်းသည် မြန်မာစစ်အုပ်စု၏ လုပ်ငန်းစဉ်များကို ရန်ပုံငွေထောက်ပံ့နေသည့် အဖွဲ့အစည်းများအပေါ် ပိုမိုပြင်းထန်သည့် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ကာ မြန်မာစစ်အုပ်စု၏ ဝင်ငွေလမ်းကြောင်းကို ပိတ်ပင်တားဆီးသွားရန် ၊ ဒေသတွင်း၌ ကြီးထွားလာနေသည့် တရုတ်နှင့် ရုရှား၏ ဩဇာကြီးထွားလာမှုကိုလည်း တန်ပြန်ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း သိရသည်။

ယင်းဥပဒေကြမ်းအရ မြန်မာ့စီးပွားရေးဘဏ်ကဲ့သို့သော နိုင်ငံပိုင်လုပ်ငန်းများနှင့် လေယာဉ်ဆီထောက်ပံ့ရေးကဏ္ဍနှင့် စစ်အုပ်စု၏ စစ်ဆင်ရေးများကို ရန်ပုံငွေထောက်ပံ့ပေးနေသည့် နိုင်ငံခြားအဖွဲ့အစည်းများအပေါ် ပိုမိုတင်းကျပ်သော ပိတ်ဆို့အရေးယူမှုများ ချမှတ်ရေးကို အမေရိကန်သမ္မတက နှစ်စဉ်ဆုံးဖြတ်ပေးရမည် ဖြစ်သည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးအနေဖြင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အပေါ် အမေရိကန်အစိုးရ၏ သြဇာကို အသုံးပြု၍ မြန်မာနိုင်ငံအနေဖြင့် IMF ထံမှ ငွေကြေးချေးယူနိုင်စွမ်းကို ကန့်သတ်ရန်လည်း ယင်းဥပဒေကြမ်းက ညွှန်ကြားထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သံအမတ်ကြီးအဆင့်ရှိသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တစ်ဦးကို ခန့်အပ်ရန်လည်း ယင်းဥပဒေကြမ်းတွင် ပါရှိသည်။

ယင်းအထူးသံတမန်သည် မြန်မာနိုင်ငံအပေါ်ထားရှိသည့် အမေရိကန်၏ မူဝါဒအားလုံးကို ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်သည်။

အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအုပ်ချုပ်ရေးကို အကောင်အထည်ဖော်နိုင်ရေးအတွက် ယင်းအထူးသံတမန်က အမေရိကန်အစိုးရ၏ သံတမန်ရေးရာ နည်းလမ်းများကို အသုံးပြု၍ ပိုမိုအာရုံစိုက်ဆောင်ရွက်ရမည်ဖြစ်သည်။

“မြန်မာစစ်အုပ်စုဟာ သွေးချောင်းစီးမှု ၊ ဖိနှိပ်မှုနဲ့ အားနည်းထိခိုက်လွယ်တဲ့ လူ့အသိုက်အဝန်းတွေအပေါ် ဖိနှိပ်ညှင်းပန်းမှုတွေနဲ့ နိုင်ငံကို ပျက်စီးကြေမွစေခဲ့ပါတယ်။ ပါတီနှစ်ရပ်စလုံးက သဘောတူအဆိုပြုတဲ့ ဒီဥပဒေကြမ်းဟာ မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက်အုပ်ချုပ်မှုကို ငွေကြေးထောက်ပံ့ပေးနေတဲ့ အရင်းအမြစ်တွေကို ဖြတ်တောက်နိုင်ဖို့ ကျွန်တော်တို့ရဲ့ လုပ်နိုင်စွမ်းကို အားကောင်းစေမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်သူတွေအတွက် အနာဂတ်ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကိုလည်း အထောက်အပံ့ပြုမှာ ဖြစ်ပါတယ်” ဟု အထက်လွှတ်တော်အမတ် ဗန်ဟိုလမ်က ပြောသည်။

မြန်မာစစ်အုပ်စု၏ အကြမ်းဖက်မှုများကို ရပ်တန့်စေရေး၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအုပ်ချုပ်ရေးဆီ ဦးတည်သည့် လမ်းကြောင်းကို ပံ့ပိုးပေးရေးအတွက် အမေရိကန်အစိုးရ၏ သြဇာကို အသုံးပြုရန် အထက်လွှတ်တော်အမတ် ဗန်ဟိုလမ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုအား ယမန်နှစ် ဒီဇင်ဘာလက တိုက်တွန်းခဲ့သည်။

“စစ်အုပ်စုက ကျူးလွန်နေတဲ့ ဖိနှိပ်မှုတွေကနေ မြန်မာပြည်သူတွေကို ကာကွယ်ပေးဖို့ အမေရိကန်အစိုးရအနေနဲ့ ပိုမိုလုပ်ဆောင်သင့်ပါတယ်”ဟု ယင်းဥပဒေကြမ်းကို တင်သွင်းရာတွင် ပါဝင်သည့် အထက်လွှတ်တော်အမတ် ယန်းက ပြောသည်။

ယင်းဥပဒေကြမ်းသည် မြန်မာပြည်သူများအား လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ရာတွင် လိုအပ်သော အဓိကရန်ပုံငွေအရင်းအမြစ်များကို ဖြတ်တောက်ရန် အထောက်အကူပြုမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော့်ရဲ့ လုပ်သက်တစ်လျှောက်လုံးမှာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီလိုလားချက်တွေကို ရှေ့တန်းကနေ တိုက်ပွဲဝင်ခဲ့ရတာကို ဂုဏ်ယူမိပါတယ်။ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲက ဒေသတွင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို ပိုမိုနက်ရှိုင်းလာစေဖို့ ခြိမ်းခြောက်နေပါတယ်။ ဒီလိုအရေးပါတဲ့အချိန်မျိုးမှာ BRAVE Burma Act ဥပဒေကြမ်း ပေါ်ထွက်လာတာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ ဖိနှိပ်တဲ့ အုပ်ချုပ်ရေးစနစ်ကို ဖိအားပေးဖို့ ၊ ဒုက္ခပေါင်းစုံကို ကြံ့ကြံ့ခံနေရတဲ့ မြန်မာပြည်သူတွေနဲ့အတူ ခိုင်ခိုင်မာမာ ရပ်တည်ဖို့အတွက် အနောက်အုပ်စုကို အမေရိကန်က ဆက်လက်ဦးဆောင်သွားဖို့ဟာ အရင်ကထက်ပိုပြီး အရေးကြီးနေပါတယ်” ဟု အထက်လွှတ်တော်အမတ် မက်ကော်နယ်က ဆိုသည်။

“၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျွန်တော် သွားရောက်ခဲ့စဉ်က ကြားသိခဲ့ရတဲ့ နာကျင်ဖွယ်ရာ ဇာတ်လမ်းတွေကို ကျွန်တော် ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်တဲ့ အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုနဲ့ ဘေးဖယ်ထားခံရမှုတွေကို ခံစားခဲ့ရတဲ့ ရိုဟင်ဂျာတွေနဲ့ အခြားအားနည်းထိခိုက်လွယ်တဲ့ လူ့အသိုက်အဝန်းတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူသားထုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေရဲ့ ဇာတ်လမ်းတွေပါပဲ။ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် အမေရိကန်အစိုးရရဲ့ လုပ်ဆောင်ချက်တွေ လိုအပ်နေတယ်ဆိုတဲ့ ကျွန်တော့်ရဲ့ ယုံကြည်ချက်မှာ ခိုင်ခိုင်မာမာ ကျွန်တော် ဆက်ရှိနေပါတယ်” ဟု ၎င်းက ဆိုသည်။

“ကျွန်ုပ်တို့ရဲ့ နှစ်ပါတီသဘောတူ BRAVE Burma Act က မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဘယ်တော့မှ မေ့ပျောက်သွားမှာမဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

အမေရိကန်အောက်လွှတ်တော်တွင် BRAVE Burma Act ဥပဒေကြမ်းကို အောက်လွှတ်တော်အမတ် ဘီလ် ဟူဇင်ဂါက ဦးဆောင်တင်သွင်းထားသည်။