လောင်းလုံးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးအား အခြားတော်လှန်ရေးတပ်မှ တပ်ဖွဲ့ဝင်အချို့က ထိုးကြိတ် သည်ဆိုပြီး လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ တိုင်ကြားထားကြောင်း စုံစမ်းသိရှိရသည်။
ကျောင်းသား တော်လှန်ရေးတပ်က ရဲဘော်တစ်ဦးအား ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်လေးဦးခန့်က ထိုးကြိတ်ခဲ့သဖြင့် တိုင်ကြားထားကြောင်း ကျောင်းသားတော်လှန်ရေးတပ်၏ တပ်ဖွဲ့မှူးရီယမ်က ပြောသည်။
ဖေဖော်ဝါရီလ ၅ ရက်က ကျေးရွာတစ်ရွာ၏ ရိုးရာနတ်ပွဲတွင် ထည့်သွင်းကျင်းပသည့် လောင်းကစားဝိုင်းရှိ အန်ဂလုံဝိုင်းအား ကျောင်းသားတော်လှန်ရေးတပ်မှ ရဲဘော်တစ်ဦးက မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း ၎င်းက ဆိုသည်။
အန်ဂလုံဝိုင်းအား ဓာတ်ပုံရိုက်ကူးသည်ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်အား ဓာတ်ပုံရိုက်သည်ဟု ဆိုပြီး ထိုးကြိတ်ကြခြင်းဖြစ်ကြောင်း တပ်ဖွဲ့မှူး ရီယမ်က ပြောဆိုသည်။
ထိုးကြိတ်သည့်အထိ လုပ်ဆောင်ခဲ့သည်ကို လက်မခံနိုင်သဖြင့် အရေးယူပေးရန် လောင်းလုံးမြို့နယ် ပအဖ အပါအဝင် ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများထံ စာပို့တိုင်ကြားထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုပီတာကမူ နတ်ပွဲအတွင်း လောင်းကစားဝိုင်းပြုလုပ်နေသည်ကို ၎င်းတို့ တပ်ဖွဲ့က လာရောက်တားမြစ်စဉ် ကျောင်းသားတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ဓာတ်ပုံ၊ ဗီဒီယို လာရောက်ရိုက်ကူးရာမှ အချင်းများခြင်းဖြစ်ကြောင်း ပြောသည်။
နတ်ပွဲတွင် လောင်းကစားဝိုင်းကို ထည့်သွင်း ပြုလုပ်နေသည်ကို တွေ့သဖြင့် လောင်းကစားဝိုင်းမလုပ်ရန်၊ ပစ္စည်းများကို ယူဆောင်ပြီး ပြန်ကြရန် ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က တားမြစ်ပြောဆိုသဖြင့် လောင်ကစားဝိုင်းတွင် ပါဝင်သူများ ပစ္စည်းသိမ်းနေချိန် ကျောင်းသားတော်လှန်ရေးတပ်က ရဲဘော်တစ်ဦးက ဓာတ်ပုံ၊ ဗီဒီယို ခိုးရိုက်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့ကို ဓာတ်ပုံလာ ခိုးရိုက်တယ်။ ကျွန်တော်အနေနဲ့ မရိုက်ဖို့အတွက် ပြောတယ်။ ကျွန်တော်ပြောတာကို လက်မခံဘူး။ ရိုက်ထားပြီးသား ဗီဒီယိုကို ဖျက်ပေးဖို့ တောင်းဆိုတယ်။ လုံးဝ လက်မခံဘူး။ လက်မခံတဲ့အချိန်မှာ ဆွဲလား၊ ရမ်းလားဖြစ်လာတယ်” ဟု ကိုပီတာက ပြောဆိုသည်။
ရိုက်ကူးထားသော ဓာတ်ပုံနှင့် ဗီဒီယိုများ ဖျက်ပေးရန် တောင်းဆိုသော်လည်း ဖျက်မပေးသဖြင့် ဝရုန်းသုန်းကားဖြစ်ပြီး လက်ပါခြေပါ ဖြစ်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ဘက်က ပေးပို့တိုင်ကြားလာသည့် တိုင်ကြားစာကို လက်ခံရရှိထားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အထက်ပါကိစ္စတွင် ပါဝင်သူများ၊ သက်သေများကို စစ်ဆေးနိုင်ရန် ဆက်လက်ဆောင်ရွက်မည်ကြောင်း ၎င်းက ဆိုသည်။
တာဝန်ရှိသည့် အဖွဲ့အစည်းတစ်ခုခုက ထိုကိစ္စအတွက် လာရောက်ဖြေရှင်းရန် ပြောဆိုလာပါက ဖြေရှင်းသွားမည်ဖြစ်ကြောင်း ကိုပီတာက ပြောသည်။







