စစ်အာဏာသိမ်းပြီး ၅ နှစ်ကြာလာချိန်တွင် တနင်္သာရီတိုင်း၌ ရွှေဘိုပေါ်ဆန်းတစ်ပြည် ကျပ်တစ်သောင်းအထိ ပေးနေရပြီး ဒေသအစားအစာများအပါအဝင် အထွေထွေကုန်ဈေးနှုန်းမှာ အဆပေါင်းများစွာထိုးတက်သွားသည်။
အာဏာမသိမ်းမီက အိပ်ကပ်အတွင်းငွေကျပ်တစ်ထောင်ရှိရုံဖြင့် နံနက်စာစားသောက်နိုင်သော်လည်း အာဏာသိမ်းပြီး ငါးနှစ်ကြာလာချိန်တွင်မူ လက်ဖက်ရည်ဆိုင်သွားရန် ကျပ်ငါးထောင် အနည်းဆုံးလိုအပ်လာသည်။
တနင်္သာရီတိုင်းသားများ နံနက်စာအဖြစ်စားလေ့ရှိသည့် ပဲဟင်းနံပြား၊ ဆီကျက်ခေါက်ဆွဲ၊ အီကြာကွေး၊စမူဆာ လက်ဖက်ရည် စသည့်စားစရာဈေးနှုန်းက အနည်းဆုံး ငါးဆဝန်းကျင်တက်သွားသည်။
ယင်းအပြင် ညနေနှင့် ညဘက် အဆာပြေစားလေ့ရှိသည့် လားခေါက်ဆွဲ၊ မုန့်လက်သုပ်၊ မြိတ်ကတ်ကြေးကိုက်စသည့် ဒေသအစားအစာများလည်း ဈေးတက်သွားသည်။
ယင်းအပြင် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်ဈေးလည်း ငါးနှစ်တာကာလအတွင်း ပျမ်းမျှအားဖြင့် ၅ ဆကျော် ဈေးတက်သွားသည်။
မြန်မာကျပ်ငွေတန်ဖိုး ကျလာကြောင်း သိသာစေသည့်အချက်မှာ ကျပ်နှင့်ထိုင်းဘတ်ငွေလဲနှုန်းဖြစ်ပြီး ဘတ်စျေး အဆပေါင်းများစွာ တက်သွားသလို ရွှေဈေးကလည်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်သိန်းတစ်ရာကျော်အထိ ဈေးမြောက်သွားသည်။
စစ်အာဏာရှင်လက်ထက် အထွေထွေကုန်ဈေးနှုန်း အဆမတန်တက်နေချိန်တွင် လခစားများ၏ လစာမှာ ထူးထူးခြားခြား ပြောင်းသွားခြင်းမရှိသော်လည်း နေ့စားခအချို့မှာ လိုက်ပါမြင့်တက်လာသည်။
နေ့စားခအချို့ မြင့်တက်လာသော်လည်း တစ်နေ့တာဝမ်းစာရေးအတွက် လောက်ငမည့် ပမာဏမရကြပေ။
အာဏာမသိမ်းမီက အလုပ်ကြမ်းသမားတစ်ဦး(ပန်းရံအကြမ်း)၏ နေ့စားခမှာ ပျမ်းမျှအားဖြင့် ကျပ်ငါးထောင်ရှိရာက လက်ရှိတွင် ကျပ်နှစ်သောင်းခန့်ရသည့်အတွက် လုပ်အားခက ၄ ဆခန့်သာ ပိုရလာကြောင်းတွေ့ရသည်။
ထိုသို့ လုပ်အားခတိုးလာသော်လည်း စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးအပါအဝင် အထွေထွေကုန်ကျစရိတ်ကို မကာမိကြဟုဆိုသည်။
အာဏာမသိမ်းခင်က လူလတ်တန်းစား အားကောင်းခဲ့သော်လည်း လက်ရှိတွင် လူလတ်တန်းစား မရှိတော့ဘဲ အများစုမှာ စား၊ဝတ်၊နေရေးအတွက် ရုန်းကန်နေရသည့် အခြေခံလူတန်းစား အဆင့်တွင် ရောက်ရှိနေကြောင်း တွေ့ရသည်။
| အမျိုးအမည် | ၂၀၂၁ ဖေဖော်ဝါရီ (ကျပ်) | ၂၀၂၆ ဖေဖော်ဝါရီ (ကျပ်) |
| လားခေါက်ဆွဲ(ပန်းသေးခေါက်ဆွဲ) | ၁,၂၀၀ | ၅,၀၀၀ |
| လက်ဖက်ရည် | ၄၀၀ | ၂,၀၀၀ |
| ထားဝယ်မုန့်လက်သုပ် | ၃၀၀ | ၁,၅၀၀ |
| မြိတ်ကတ်ကြေးကိုက် | ၅၀၀ | ၂,၀၀၀ |
| ဆီကျက်ခေါက်ဆွဲ | ၇၀၀ | ၃,၅၀၀ |
| အီကြာကွေး | ၂၀၀ | ၉၀၀ |
| စမူဆာ | ၁၀၀ | ၅၀၀ |
| နံပြား | ၁၅၀ | ၅၀၀ |
| ရွှေဘိုပေါ်ဆန်း(ချန်ပီယံ)-၂၄ ပြည် | ၄၀,၀၀၀ | ၂၁၈,၀၀၀ |
| ကန်စွန်းရွက်(တစ်စည်း) | ၅၀ | ၆၀၀ |
| ကြက်ဥ (တစ်လုံး) | ၁၀၀ | ၅၀၀ |
| အခေါက်ရွှေ(တစ်ကျပ်သား) | ၁,၄၀၀,၀၀၀ | ၁၀,၈၀၀,၀၀၀ |
| ထိုင်းဘတ်ဈေး (၁ ဘတ်) | ၄၅ ကျပ် | ၁၂၅ ကျပ် |
| ပန်းရံအလုပ်ကြမ်းသမား(နေ့စားခ) | ၅,၀၀၀ | ၂၅,၀၀၀ |
ယင်းကြောင့် စစ်အာဏာမသိမ်းမီ အခြေခံစားသောက်ကုန်များ၏ ကုန်စျေးနှုန်း အခြေအနေနှင့် လက်ရှိကုန်စျေးနှုန်း အခြေအနေများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါသည်။







