ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စစ်အာဏာရှင်တပ်က ထားဝယ်အထူးစီးပွားရေးဇုန်ရှိ နေအိမ် ၄၀ ကျော်ကို ဆက်တိုက်မီးရှို့

February 5, 2026

ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ရလိုင်ကျေးရွာနှင့် သစ်တိုထောင့်ကျေးရွာတို့တွင် စစ်အာဏာရှင်တပ်က နှစ်ရက်အတွင်း နေအိမ် ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ရေဖြူမြို့နယ်ရှိ ရလိုင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့က နေအိမ် ၄၀ ခန့်နှင့် သစ်တိုထောင့်ကျေးရွာ၌ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နေအိမ် ၅ လုံးတို့ကို မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“လမ်းကနေ ရေကြည့်ရသလောက် ရလိုင်မှာ မီးရှို့ခံရတဲ့အိမ် ၄၀ နီးပါးရှိတယ်။ တစ်ရွာလုံး အသေးစိတ်တော့ မကြည့်ရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်အာဏာရှင်တပ်ကို တော်လှန်ရေးတပ်များက ဒရုန်းဗုံးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် နှစ်ဖက်တိုက်ပွဲ မိနစ်အနည်းငယ်ကြာ ဖြစ်ပွားခဲ့ပြီး၊ စစ်အာဏာရှင်တပ်သည် ပုဂေါဇွန်းကျေးရွာနှင့် တစ်ဆက်တည်းရှိသည့် ကျေးရွာနှစ်ရွာကို စစ်ကြောင်းထိုးကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

တော်လှန်ရေးတပ်များ၏ ဒရုန်းဗုံးချ တိုက်ခိုက်မှုအတွင်း ဘုန်းကြီးကျောင်း၌ ရှိနေသည့် ပုဂေါဇွန်းကျေးရွာ ဒေသခံအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပြီး၊ စစ်အာဏာရှင်တပ်သား ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ဆိုသည်။ သို့သော် စစ်အာဏာရှင်တပ်သား သေဆုံးမှုနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။

အဆိုပါ စစ်ကြောင်းမှာ ဖမ်းဆီးထားသည့် သစ်တိုထောင့်ကျေးရွာမှ ဒေသခံများကို ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လွှတ်ပေးပြီးနောက်၊ ရလိုင်ကျေးရွာ အနောက်ဘက်ရှိ ဆီတောပြင်ဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

သို့သော် ယင်းစစ်ကြောင်းသည် ယနေ့မွန်းလွဲပိုင်းတွင် ပြန်ဝင်လာနိုင်သည့် အခြေအနေရှိနေခြင်းကြောင့် ကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်သည့် ဒေသခံအချို့ ထပ်မံထွက်ပြေးနေရကြောင်း သိရသည်။