ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်မြစ်အတွင်း ခရီးသည်တင်ရေယာဉ် ပစ်ခတ်ခံရပြီးနောက် မြိတ်-ထားဝယ် ပြေးဆွဲခွင့်ပိတ်

February 5, 2026

ပုံစာ - မြိတ်မြိုဆိပ်ငယ်ဘောတံတားတွင် ထားဝယ်မြို့သို့ စပိဘုတ်အမြန်ရေယာဉ်ဖြင့် လိုက်ပါမည့်ခရီးသည်များစောင့်ဆိုင်းနေသည်ကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၇ ရက်က တွေ့ရစဉ်။

သရက်ချောင်းမြို့နယ် ပင်လယ်ထွက်ဝအနီး ထားဝယ်မြစ်အတွင်း မြိတ်-ထားဝယ်ပြေးဆွဲနေသည့် အမြန်ရေယာဉ် စပိဘုတ်တစ်စင်း ပစ်ခတ်ခံရပြီးနောက် စစ်ကော်မရှင်က အမြန်ရေယာဉ်ပြေးဆွဲခွင့် ယာယီပိတ်လိုက်ကြောင်း ဒေသခံအချို့နှင့် အမြန်ရေယာဉ်လုပ်ငန်းရှင်အချို့က ပြောသည်။

ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းတွင် လဘကျေးရွာအုပ်စု ဆင်ကျန်းရွာနှင့် ကျွဲစပ်ကြား ပင်လယ်ထွက်ဝမှ ထားဝယ်မြစ်အတိုင်း မောင်းနှင်လာသည့် အမြန်ရေယာဉ်တစ်စီးပစ်ခတ်ခံခဲ့ရပြီး ပဲ့နင်းနှင့် ခရီးသည်သုံးဦးဒဏ်ရာရှိခဲ့သည်။

အထက်ပါဖြစ်စဉ်ဖြစ်ပြီးနောက် ဆိပ်ကမ်းအာဏာပိုင်ရုံးက ခရီးသွားပြည်သူများ၏ လုံခြုံရေးအခြေအနေအရ မြိတ်-ထားဝယ်ပြေးဆွဲနေသည့် အမြန်ရေယာဉ်များကို ပြေးဆွဲခွင့် ယာယီပိတ်လိုက်ကြောင်း အမြန်ရေယာဉ် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“ကျွန်တော်တို့မှာလည်း ထားဝယ်သွားမယ့် ခရီးသည်တွေရှိနေတာဆိုတော့ ဆိပ်ကမ်းက တာဝန်ရှိသူတွေကို သွားညှိကြည့်သေးတယ်၊ မရဘူး။ စာထုတ်တားမြစ်တာမျိုးမဟုတ်ဘူး။ ဒေသန္တရအမိန့်နဲ့ ပြေးဆွဲခွင့်ပိတ်တာလို့ပြောတယ်” ဟု အထက်ပါလုပ်ငန်းရှင်က ပြောဆိုသည်။

ပြေးဆွဲခွင့်ကို ယာယီပိတ်မည်ဟုသာ သိရပြီး မည်သည့်နေ့ရက်တွင် ပြန်လည်ခွင့်ပြုပေးမည်ကို မသိရသေးဟု ၎င်းက ပြောသည်။

ကားလမ်းပိတ်ချိန်တွင် ခရီးသည်များ၊ ကုန်များကို စပိဘုတ်ဖြင့် ချိတ်ဆက်ပို့ဆောင်နေသည့် ယာဉ်လိုင်းလုပ်ငန်းတွင် လုပ်ကိုင်နေသူ မြိတ်ဒေသခံ အမျိုးသမီးတစ်ဦးကလည်း အမြန်ရေယာဉ်ပြေးဆွဲခွင့်ကို စစ်ကော်မရှင်က ပိတ်လိုက်ပြီဟု ကြားသိရကြောင်း ဆိုသည်။

“မနေ့က စပိဘုတ်လုပ်ငန်းရှင်တွေအကုန်လုံးကို ခေါ်ပြီး လက်မှတ်ထိုးခိုင်းတယ်လို့ပြောတယ်။ ပြေးဆွဲဖို့ခွင့်ပိတ်တယ်လို့ပဲသိရတယ်” ဟု အထက်ပါအမျိုးသမီးက ပြောဆိုသည်။

လက်ရှိတွင် မြိတ်-ထားဝယ်ကားလမ်းမှာ ခရီးသည်တင်ကားများ ပြေးဆွဲနေကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။

နှစ်ဖက်တိုက်ပွဲနှင့် စစ်ရေးတင်းမာမှုအခြေအနေများကြောင့် မြိတ်-ထားဝယ်ကားလမ်း ပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်နေသဖြင့် အမြန်ရေယာဉ်ခရီးစဉ်ပြေးဆွဲမှုကို ၂၀၂၄ ခုနှစ်ထဲတွင် စတင်ပြေးဆွဲလာကြခြင်းဖြစ်သည်။