ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းမြို့နယ်တွင် အမျိုးသားတစ်ဦး ကိုင်းထောင်သွားရာမှ မိုင်းနင်းမိ

February 5, 2026

သရက်ချောင်းမြို့နယ်၊ သဲချောင်းသားကျေးရွာတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက အမျိုးသားတစ်ဦး ကိုင်းထောင်သွားရာမှ မြေမြှုပ်မိုင်း နင်းမိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မိုင်းနင်းမိသူမှာ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားကျေးရွာမှ အသက် ၄၀ ကျော်အရွယ်ရှိ ဦးစုကမ်း ဆိုသူဖြစ်ပြီး၊ ၎င်းမှာ သဲချောင်းသားကျေးရွာ၏ တောင်ဘက်ရှိ တောစပ်တစ်နေရာတွင် သားကောင်များ ဖမ်းဆီးရန် ကိုင်းထောင်သွားရာမှ မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူက ဒီမှာ ရာဘာခြစ်သမားပေါ့နော်။ ကိုင်းထောင်ဖို့ဆိုပြီး တောစပ်ကို တက်သွားရာကနေ မိုင်းနင်းမိသွားတာ။ မနက် ၈ နာရီလောက်ရှိမယ်။ ပေါက်ကွဲသံလည်း ကြားရရော၊ သူထိသွားလို့ အနားက ခြံပိုင်ရှင်တွေကို လှမ်းခေါ်တော့မှ သိသွားကြတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောပြသည်။

ဦးစုကမ်းမှာ မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ခြေထောက်နှစ်ဖက်စလုံးတွင် ဒဏ်ရာရရှိခဲ့ပြီး ယင်းနေ့နံနက်ပိုင်းတွင်ပင် ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

သဲချောင်းသားကျေးရွာ အနီးတစ်ဝိုက်တွင် ယခင်ကလည်း မကြာခဏ မြေမြှုပ်မိုင်း ပေါက်ကွဲလေ့ရှိသော်လည်း ကျွဲ၊ နွား၊ တိရစ္ဆာန်များသာ နင်းမိလေ့ရှိရာ ယခုမှာ ပထမဆုံးအကြိမ် လူနင်းမိခြင်းဖြစ်ကြောင်း သိရသည်။

သဲချောင်းသားကျေးရွာသည် သရက်ချောင်းမြို့နယ်နှင့် ၁၈ မိုင်ခန့် အကွာတွင် တည်ရှိကာ ကရင်နှင့် ဗမာလူမျိုးများ နေထိုင်ကြပြီး၊ စစ်အာဏာသိမ်းပြီးနောက် ယင်းကျေးရွာ အနီးတစ်ဝိုက်ကို KNU တပ်မဟာ ၄ လက်အောက်ရှိ KNLA တပ်ရင်း ၁၂ က ထိန်းချုပ်ထားခြင်းဖြစ်သည်။