သမ္မတဒေါ်နယ်ထရမ့်သည် အမေရိကန်ပြည်ထောင်စုကို အာဏာရှင်နိုင်ငံတစ်ခုဖြစ်အောင် ဖန်တီးနေကြောင်း Human Rights Watch (HRW) အဖွဲ့က ဖေဖော်ဝါရီ ၄ ရက်နေ့တွင် သတိပေးလိုက်သည်။
ကမ္ဘာတစ်ဝန်း ဒီမိုကရေစီကျဆင်းမှု ဆယ်စုနှစ်လေးခုအတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေချိန်တွင် ထရမ့်က ယင်းသို့ ဖန်တီးနေခြင်းဖြစ်ကြောင်း နယူးယောက်အခြေစိုက် HRW အဖွဲ့က ဆိုသည်။
လူ့အခွင့်အရေးကိစ္စရပ်များမှာ ရုရှားနှင့် တရုတ်နိုင်ငံတို့ကြောင့် ဖိအားအောက် ကျရောက်နေပြီးသားဖြစ်ရာ ဒေါ်နယ်ထရမ့် အိမ်ဖြူတော်သို့ တစ်ကျော့ပြန် ရောက်လာခြင်းက ယင်းအခြေအနေများကို ပိုမိုဆိုးရွားသွားစေကြောင်း HRW အဖွဲ့၏ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။
‘ထရမ့်အစိုးရက လူမျိုးရေးနှင့် လူနည်းစုအခြေခံအပြစ်ပုံချခြင်း၊ အာဏာတိုးချဲ့ရယူနိုင်ရေးအတွက် မဟုတ်မမှန် အကြောင်းပြချက်ဖြင့် နိုင်ငံအတွင်း၌ အမျိုးသားအစောင့်တပ်ဖွဲ့များကို ဖြန့်ကျက်ခြင်း၊ ထရမ့်အား ဝေဖန်သည့် အရာရှိဟောင်းများနှင့် နိုင်ငံရေးရန်သူဟု ယူဆရသူများအပေါ် အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သည့် တုံ့ပြန်လက်စားချေခြင်း၊ အုပ်ချုပ်ရေးအာဏာကို ချဲ့ထွင်ခြင်းနှင့် ဒီမိုကရေစီနည်းကျ အပြန်အလှန် ထိန်းကျောင်းမှုစနစ်ကို အားပျော့စေရန် ကြိုးပမ်းခြင်းတို့မှာ အမေရိကန်ပြည်ထောင်စုက အာဏာရှင်စနစ်ဘက်သို့ သိသိသာသာ ကူးပြောင်းလာနေသည်ကို ပြနေသော အထောက်အထားများဖြစ်သည်’ ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
စည်းမျဉ်းအခြေပြု နိုင်ငံတကာအစီအစဉ်မှာ အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးခံနေရပြီ ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။
သမ္မတထရမ့်သည် အမေရိကန်ပြည်ထောင်စုတွင် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ဥပေက္ခာပြုထားပြီး အလွန်ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို လုပ်ဆောင်နေကြောင်း ယင်းအဖွဲ့က ဆိုသည်။
ထရမ့်၏ လက်ရှိသက်တမ်းအတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်အေဂျင်စီ (ICE) မှ မျက်နှာဖုံးစွပ်လက်နက်ကိုင်တပ်ဖွဲ့များ ဖြန့်ကျက်ချထားခြင်းကိုလည်း ထောက်ပြထားသည်။
ICE တပ်ဖွဲ့များသည် မလိုလားအပ်သည့် အကြမ်းဖက်မှုနှင့် ဝင်ရောက်စီးနင်းမှုပေါင်း ရာနှင့်ချီ လုပ်ဆောင်ခဲ့ကြောင်း HRW အဖွဲ့က ဆိုသည်။
နိုင်ငံများအနေဖြင့် လူ့အခွင့်အရေးအပေါ် လေးစားမှုကို အခြေခံသည့် မဟာမိတ်များ ဖွဲ့စည်းကြပြီး အတူရပ်တည်ကြရန် ၊ သွင်းကုန်ခွန်များကို လက်နက်သဖွယ် အသုံးပြုနေသည့် ထရမ့်ကို ဆန့်ကျင်ရာတွင်လည်း အတူတကွ ရပ်တည်ကြရန် HRW အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ Philippe Bolopion က တိုက်တွန်းထားသည်။
Source: AFP







