ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေဖြူ ကျေးရွာနှစ်ရွာတွင် စစ်အာဏာရှင်တပ်နေအိမ်များကိုဖောက်ထွင်း

January 5, 2026

ရေဖြူမြို့နယ်ရှိ နတ်တွင်းနှင့် ကျောက်ထောင့်ကျေးရွာတွင် စစ်အာဏာရှင်တပ်က ဒေသခံ နေအိမ်များကို ဖောက်ထွင်းကာ တန်ဖိုးကြီးပစ္စည်းများကို အဓမ္မယူ ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အင်အား တစ်ရာနီးပါးရှိသည့် အဆိုပါစစ်ကြောင်းသည် ဇန်နဝါရီလ ၃ ရက် နံနက်ပိုင်းမှစ၍ နတ်တွင်းကျေးရွာသို့ သေနတ်ပစ်ခတ်ဝင်ရောက်လာပြီး လူမရှိသည့် နေအိမ်များကိုလည်း ဖောက်ထွင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံအမျိုးသားသုံးဦးကိုလည်း ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းတွင် ပြန်လွှတ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဆိုင်ကယ်က ၆ စီးလောက်ရှိတယ်။ ငွေ(သိန်း)ဆယ်ချီပါတဲ့ အိမ်ရှိတယ်။ နောက်ရွှေတွေလည်းပါသွားတယ်” ဟု ၎င်းဒေသခံက ပြောဆိုသည်။

ယင်းနောက် ထိုစစ်ကြောင်းသည် ညနေပိုင်းတွင် နတ်တွင်းကျေးရွာနှင့် တစ်ဆက်တည်းရှိသည့် ကျောက်ထောင့်ကျေးရွာသို့ ထွက်ခွာသွားနောက် ‌ကျောက်ထောင့်ကျေးရွာရှိ လူမရှိသည့် နေအိမ်များကို ထပ်မံ ဖောက်ထွင်းကာ ယင်းနေအိမ်များတွင်ပင် တပ်စွဲနေထိုင်နေကြောင်း ‌ဒေသခံအမျိုးသားတစ်ဦး ဆိုသည်။

“ကျောက်ထောင့်မှာလည်း အိမ်ဖောက်ပစ္စည်းယူတာတွေလုပ်နေတာရှိတယ်။ အခုသူတို့ရှိနေတာ ၂ညရှိပြီ” ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ကြောင်းမှာ ဒီဇင်ဘာလ ၃၁ ရက်တွင် ကမြောကင်းတံတား စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် စခန်းကြီးကျေးရွာအုပ်စုမှတစ်ဆင့် မြို့ဟောင်း၊ ဆင်ပုနစ်၊ နတ်တွင်း စသည့် ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးလာကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းအထိ ကျောက်ထောင့်ကျေးရွာတွင် တပ်စွဲထားဆဲဖြစ်‌ သောကြောင့် အနည်းဆုံးကျေးရွာ ၃ ရွာက ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများ ထံမှသိရသည်။