ဆယ်စုနှစ်သုံးခုကျော်အတွင်း အမေရိကန် မလုပ်ခဲ့တဲ့ အရာတစ်ခုကို စနေနေ့မှာ ကမ္ဘာက မြင်လိုက်ရပါတယ်။
ဗင်နီဇွဲလား အာဏာရှင်သမ္မတ နီကိုလက်စ်မာဒူရိုကို ကာရာကတ်စ်မြို့တော်ထဲကနေ ဖမ်းထုတ်လာပြီးနောက်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြွားလုံးထုတ်ခဲ့တယ်။
“မနေ့က အမေရိကန် လုပ်ဆောင်နိုင်ခဲ့တာမျိုးကို ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံကမှ လုပ်နိုင်မှာ မဟုတ်ဘူး”
ဒီမတိုင်ခင်ကတည်းက ထရမ့်အစိုးရက မာဒူရိုကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးနိုင်ရင် အမေရိကန်ဒေါ်လာ သန်း ၅၀ ဆုကြေး ပေးမယ်လို့ ဆုကြေးထုတ်ထားခဲ့ပြီးပါပြီ။
၂၀၂၅ ဩဂုတ်လကတည်းက ဗင်နီဇွဲလားနိုင်ငံထဲမှာ စီအိုင်အေအရာရှိတွေဟာ လျှို့ဝှက်စွာ လှုပ်ရှားနေပါတယ်။ ဗင်နီဇွဲလားအစိုးရထဲက သတင်းပေးတစ်ယောက်နဲ့ ချိတ်ဆက်ပြီး မာဒူရိုရဲ့ သွားလာနေထိုင်မှုပုံစံ အသေးစိတ် လေ့လာနေပါတယ်။ သူ ဘယ်မှာနေလဲ ၊ ဘယ်လိုသွားလာသလဲ ၊ ဘယ်အချိန်မှာ သူ့ကို အလွယ်တကူ တိုက်ခိုက်လို့ရနိုင်မလဲ ဆိုတာတွေကအစ သူ့ရဲ့ အိမ်မွေးအချစ်တော်တိရစ္ဆာန်တွေ အဆုံး အသေးစိတ်အချက်အလက်တွေကို မှတ်တမ်းတင်နေခဲ့ပါတယ်။
တချိန်တည်းမှာပဲ အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေဟာ မာဒူရို ပုန်းခိုတဲ့ ဘေးကင်းအိမ် (safe house) နဲ့ ပုံစံတူအဆောက်အအုံတစ်ခုကို အရွယ်အစား အတိအကျ ဆောက်ပြီး စစ်ဆင်ရေးလေ့ကျင့်နေခဲ့ပါတယ်။ ဒါဟာ စစ်အေးတိုက်ပွဲနောက်ပိုင်း လက်တင်အမေရိကမှာ အမေရိကန်ရဲ့ အကြီးကျယ်ဆုံး စစ်ရေးအရ တိုက်ရိုက်ဝင်ရောက်တိုက်ခိုက်မှု ဖြစ်လာမယ့် စစ်ဆင်ရေးပါ။ ထရမ့်အစိုးရက ဒီစစ်ဆင်ရေးအကြောင်း ကွန်ဂရက်လွှတ်တော်ကိုတောင် အသိမပေးဘဲ အထူးလျှို့ဝှက်ထားခဲ့ပါတယ်။ ‘Operation Absolute Resolve’ လို့ နာမည်ပေးထားတဲ့ ဒီစစ်ဆင်ရေးကို ၂၀၂၅ ဒီဇင်ဘာလ အစမှာပဲ အပြီးသတ်အတည်ပြုထား လိုက်ပါတယ်။
အမေရိကန်စစ်ဘက်ထိပ်တန်းအရာရှိတွေဟာ ရန်သူကို အငိုက်မိနိုင်သမျှ အငိုက်မိဆုံးဖြစ်အောင် လုပ်ဖို့အတွက် စစ်ဆင်ရေးစတင်ဖို့ အကောင်းဆုံးအချိန်ကို ရောက်ဖို့ ခရစ္စမတ်ညနဲ့ နှစ်သစ်ကူးညတွေကို ကျော်လွန်ဖို့ စိတ်ရှည်ရှည် စောင့်ဆိုင်းနေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ စစ်ဆင်ရေးစတင်ဖို့ သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမိန့်ဟာ ဗင်နီဇွဲလား စံတော်ချိန် သောကြာနေ့ ည ၁၁ နာရီ ၄၆ မိနစ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီနောက်မှာ လိုက်လာတာကတော့ ဝါရှင်တန်က လူတော်တော်များများနဲ့ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်လိုက်တဲ့ အရာပါပဲ။
ထရမ့်ဆီက အမိန့်ဝင်လာတာနဲ့ အနောက်ကမ္ဘာခြမ်းမှာ ရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်း ၂၀ ကနေ လေယာဉ်ပေါင်း ၁၅၀ ကျော် ဗင်နီဇွဲလားဘက်ကို ဦးတည်ပျံတက်လာခဲ့ပါတယ်။ ဗင်နီဇွဲလားသမ္မတကို သူ့နိုင်ငံရဲ့ မြို့တော်ထဲမှာ ဝင်ဖမ်းဖို့ ဗုံးကြဲလေယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ ထောက်လှမ်းရေးလေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေ ပါဝင်တဲ့ ကြည်း ၊ ရေ ၊ လေ ပူးပေါင်းစစ်ဆင်ရေးပါပဲ။
အမေရိကန် ဥပဒေစိုးမိုးရေး အရာရှိတွေပါဝင်တဲ့ ဖမ်းဆီးရေးတပ်ဖွဲ့ကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ်တွေဟာ ရန်သူ့ရေဒါ မိမှာစိုးတဲ့အတွက် ရေမျက်နှာပြင်အထက် ပေ ၁၀၀ ဝန်းကျင်ကနေ နိမ့်နိမ့်လေး ပျံသန်းပြီး ဗင်နီဇွဲလားနိုင်ငံဘက်ကို ဦးတည်လာခဲ့ကြပါတယ်။
လေယာဉ်တွေကို အကာအကွယ်ပေးဖို့နဲ့ ရန်သူက အငိုက်မိနေစေဖို့အတွက် အမေရိကန် ဆိုက်ဘာကွပ်ကဲရေးဌာနချုပ်၊ အမေရိကန်အာကာသကွပ်ကဲရေးဌာနချုပ်နဲ့ တခြားအေဂျင်စီတွေကလည်း နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့ပေးနေပါတယ်။
ဒီစစ်ဆင်ရေးကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဖလော်ရီဒါက သူပိုင်တဲ့ မာရ်အလာဂိုကလပ်ထဲကကနေ သူ့ရဲ့ အကြံပေးတွေ ဝန်းရံပြီး တိုက်ရိုက်စောင့်ကြည့်နေခဲ့ပါတယ်။ တီဗွီအစီအစဉ်တစ်ခုကို ကြည့်နေရသလိုပဲလို့ ထရမ့်က ပြောပါတယ်။
ဗင်နီဇွဲလား ဒေသစံတော်ချိန် စနေနေ့ အစောပိုင်း နံနက် ၂ နာရီမှာ မြို့တော် ကာရာကတ်စ်မှာ ပေါက်ကွဲသံတွေ ထွက်ပေါ်လာပါတယ်။ တစ်မြို့လုံး မှောင်အတိကျသွားပြီး ပေါက်ကွဲမှုတွေကနေ ထွက်လာတဲ့ အလင်းရောင်ကိုသာ မြင်နေရပါတယ်။
“အိမ်နီးနားချင်းတွေလည်း ကွန်ဒိုဂရုချတ်ထဲမှာ ဘာဖြစ်မှန်းမသိဘဲ ဝိုင်းမေးနေကြတာ။ ပေါက်ကွဲသံတွေကြောင့် အကုန်လုံး ကြောက်လန့်နေကြတယ်” လို့ ကာရာကတ်စ်မြို့မှာ ရှိနေတဲ့ မျက်မြင်ကြုံခဲ့ရသူအမျိုးသမီးတစ်ယောက်က ပြောတယ်။
စစ်ဆင်ရေးမစခင် ကာရာကတ်စ်မြို့ရဲ့ လျှပ်စစ်မီးကို ဖြတ်တောက်ခဲ့တယ်လို့ ထရမ့်က အရိပ်အမြွက်ပြောပါတယ်။ ဘယ်လိုလုပ်ခဲ့သလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မပြောပါဘူး။
ရဟတ်ယာဉ်တွေ ကာရာကတ်စ်မြို့နားကို ချဉ်းကပ်လာတဲ့အခါ လမ်းကြောင်းရှင်းစေဖို့အတွက် အမေရိကန် လေယာဉ်တွေက ဗင်နီဇွဲလားရဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဗင်နီဇွဲလား စံတော်ချိန် စနေနေ့ မနက် ၂ နာရီ ၁ မိနစ်မှာ ရဟတ်ယာဉ်တွေဟာ မာဒူရိုရဲ့ နေအိမ်ဝင်းထဲကို ရောက်လာပါတယ်။
ပေါက်ကွဲသံတွေနဲ့ တုန်လှုပ်နေတဲ့ ကာရာကတ်စ်မြို့ထဲက မာဒူရိုရဲ့ အိမ်ဝင်းထဲကို အမေရိကန်စစ်တပ်ရဲ့ အထူးချွန်ဆုံး Delta Force တပ်ဖွဲ့ဝင်တွေ ဝင်လာခဲ့ပါတယ်။ မာဒူရို ပုန်းခိုနေတဲ့ နေရာက သံတံခါးတွေကို ဖြတ်ဖို့ စက်တွေ သူတို့နဲ့ အတူ ပါလာခဲ့ပါတယ်။ အမေရိကန်တပ်ဖွဲ့တွေ ရောက်လာမှာကို မာဒူရိုရဲ့ တပ်ဖွဲ့တွေ အသင့်စောင့်နေကြတယ်လို့ အမေရိကန်ဗိုလ်ချုပ်ဒန်ကိန်းက ပြောပါတယ်။
မာဒူရိုရဲ့ အိမ်ကို အမေရိကန်အထူးတပ်ဖွဲ့တွေ ရောက်သွားချိန်မှာ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အမေရိကန် ရဟတ်ယာဉ်တစ်စင်း ထိမှန်ခဲ့ပေမဲ့ ဆက်ပျံသန်းနိုင်ခဲ့ပါတယ်။
မာဒူရို ပုန်းနေတဲ့ ဘေးကင်းအိမ်မှာ တော်ရုံနဲ့ ဖောက်လို့မရတဲ့ သံတံခါးအထူကြီးတွေကို ဖြတ်ကျော်ပြီး အမေရိကန် အထူးတပ်ဖွဲ့တွေ ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့တယ်လို့ ထရမ့်က မှတ်ချက်ပေးတယ်။
အသက် ၆၃ နှစ်အရွယ် ဗင်နီဇွဲလားသမ္မတနဲ့ ဇနီးကို ဖမ်းမိခဲ့တဲ့ ဒီစစ်ဆင်ရေးကြီး စတင်နေပြီဆိုမှ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုဟာ ဒီစစ်ဆင်ရေးအကြောင်း လွှတ်တော်အမတ်တွေကို အကြောင်းကြားခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် အမေရိကန်လွှတ်တော်ထဲမှာ အတော်လေး ဒေါကန်သွားတယ်။
ဆီးနိတ်လွှတ်တော်ထဲမှာ ဒီမိုကရက်ပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ချတ်ခ်ရှူးမာက ပြောတယ်။
“ကျွန်တော် ရှင်းရှင်းပဲ ပြောပါရစေ။ မာဒူရိုဟာ တရားမဝင်တဲ့ အာဏာရှင်တစ်ယောက်ပါ။ ဒါပေမဲ့ လွှတ်တော်ရဲ့ ခွင့်ပြုချက် မပါဘဲ နောက်ဆက်တွဲဖြစ်လာနိုင်ခြေအတွက် ခိုင်မာတဲ့ အစီအစဉ်မရှိဘဲ စစ်ရေးအရ လုပ်ဆောင်တာဟာ တကယ့်ကို သွေးရူးသွေးတန်းဆန်လွန်းတယ်”
လွှတ်တော်ကို ကြိုပြောရင် သတင်းပေါက်ကြားပြီး စစ်ဆင်ရေးကို ထိခိုက်နိုင်တယ်လို့ မာကိုရူဘီယိုက အကြောင်းပြချက် ပေးတယ်။
အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေ မာဒူရိုရဲ့ အိမ်ဝင်းထဲကို အလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းချိန်မှာ မာဒူရိုဟာ သူ့အတွက် အရေးပေါ်ပုန်းခိုခန်းထဲကို ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။
“သူ တံခါးပေါက်အထိတော့ ရောက်သွားတယ်၊ ဒါပေမဲ့ တံခါးကို ပိတ်ခွင့် မသာခဲ့ဘူး။ ကျွန်တော်တို့လူတွေက အင်မတန်မြန်တဲ့အရှိန်နဲ့ ဝိုင်းအုံစီးနင်းလိုက်လို့ သူ ပုန်းခိုခန်းထဲကို မဝင်လိုက်ရပါဘူး” လို့ ထရမ့်က ပြောတယ်။
မာဒူရိုသာ အဖမ်းမခံဘဲ ပြန်ခုခံခဲ့ရင် အသေပစ်သတ်ခဲ့မှာလားလို့ မေးတဲ့အခါမှာတော့ “အဲဒီလိုလည်း ဖြစ်သွားနိုင်တာပေါ့” လို့ ထရမ့်က ဖြေပါတယ်။
မာဒူရိုရဲ့ အိမ်မှာ Delta Force တပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းတဲ့ ကြာချိန်ဟာ မိနစ် ၃၀ တောင် မပြည့်ပါဘူး။
အခုလို လျှပ်တစ်ပြက် စစ်ဆင်ရေးကြောင့် အမေရိကန်ရဲ့ မဟာမိတ်တွေနဲ့ ရန်သူတွေပါ အံ့အားသင့်ခဲ့ရပါတယ်။ အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခုအပေါ် အခုလို ပြောင်ပြောင်တင်းတင်း စစ်ရေးနည်းနဲ့ ဝင်ရောက်စွက်ဖက်တာကို ကြည့်ပြီး အားလုံးက မှင်တက်သွားခဲ့ကြရပါတယ်လို့ The Guardian သတင်းစာက ဖော်ပြပါတယ်။ ဒေသတွင်းက ကမ္ဘာ့နိုင်ငံတွေက ဒီစစ်ဆင်ရေးကို ချက်ချင်း ရှုတ်ချ ပြောဆိုကြပါတယ်။
မာဒူရိုနဲ့ သူ့ဇနီးကို အမေရိကန်နိုင်ငံ ၊ နယူးယောက်မြို့မှာ တရားစွဲဆိုဖို့အတွက် အမေရိကန် တရားရေးဌာနရဲ့ ဖမ်းဆီးထိန်းသိမ်းမှုနဲ့ ခေါ်ဆောင်သွားခဲ့ပါပြီ။ ဒါဟာ ဗင်နီဇွဲလားအစိုးရအပေါ် အမေရိကန်က လပေါင်းများစွာ ပြင်းပြင်းထန်ထန် ဖိအားပေးလာခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့တာပါ။
အမေရိကတိုက်ကို မတည်မငြိမ် ဖြစ်စေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးမှုနဲ့ အမေရိကန်ပြည်ထောင်စုထဲကို တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုတွေရဲ့ နောက်ကွယ်မှာ ဗင်နီဇွဲလားသမ္မတမာဒူရို ရှိနေတယ်လို့ ထရမ့်က စွပ်စွဲထားပါတယ်။
မာဒူရိုဟာ ကမ္ဘာ့အကြီးဆုံး မူးယစ်ရာဇာတွေထဲက တစ်ယောက်ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင်လမှာပဲ ထရမ့်က လူသိရှင်ကြား စွပ်စွဲခဲ့ပါတယ်။ မာဒူရိုကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးရင် အမေရိကန်ဒေါ်လာ သန်း ၅၀ ဆုကြေးပေးမယ်လို့ ထရမ့်အစိုးရက ကြေညာထားပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက အမေရိကန်ရေတပ်ဟာ ဗင်နီဇွဲလားကမ်းလွန်ပင်လယ်ပြင်မှာ စစ်သင်္ဘောအုပ်စု အမြောက်အမြား စုရုံးထားရှိခဲ့ပါတယ်။ ကာရစ်ဘီယံပင်လယ်နဲ့ ပစိဖိတ်သမုဒ္ဒရာထဲမှာ ဗင်နီဇွဲလား မူးယစ်ဆေးဝါး မှောင်ခိုလှေလို့ စွပ်စွဲခံရတဲ့ လှေတွေကို အမေရိကန်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။ ဗင်နီဇွဲလား ရေနံတင်သင်္ဘောတွေကို ဖမ်းဆီးသိမ်းပိုက်တာတွေလည်း လုပ်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် လူ ၁၁၀ ထက်မနည်း သေဆုံးခဲ့ရပြီး ဒါဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ကြပါတယ်။
ဗင်နီဇွဲလားမှာ အစိုးရအပြောင်းအလဲလုပ်ဖို့ စိတ်ကူးရှိနေတာကို ထရမ့်အစိုးရက ပေါ်ပေါ်တင်တင်ပဲ ပြသခဲ့ပါတယ်။ မာဒူရိုအနေနဲ့ အာဏာစွန့်လွှတ်ဖို့ ထရမ့်အစိုးရက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ နှောင်းပိုင်းမှာ နောက်ဆုံးရာဇသံပေးခဲ့ပါတယ်။ မာဒူရိုအနေနဲ့ အာဏာစွန့်ရင် ဗင်နီဇွဲလားနိုင်ငံပြင်ပကို ဘေးကင်းကင်းနဲ့ ထွက်ခွင့်ပေးမယ်လို့ ထရမ့်က ကမ်းလှမ်းခဲ့ပါတယ်။
ဒါပေမဲ့ မာဒူရိုကတော့ သူဟာ “ကျွန်သဘောက်တစ်ယောက်ရဲ့ ငြိမ်းချမ်းရေး”မျိုးကို အလိုမရှိဘူးလို့ သူ့ကို ထောက်ခံသူ တွေကို ပြောခဲ့ပါတယ်။ ထရမ့်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချပြီး အမေရိကန်ဟာ သူ့နိုင်ငံရဲ့ ရေနံသယံဇာတတွေကို ထိန်းချုပ်ချင်နေတာလို့ မာဒူရိုက ပြောပါတယ်။
ဒါပေမဲ့ ထရမ့်အစိုးရဆီက ဖိအားတွေ အဆမတန် တိုးလာချိန်မှာ သမ္မတမာဒူရိုရဲ့ ဗင်နီဇွဲလားအစိုးရဟာ တခါတလေမှာ ဘာလုပ်ရမှန်းမသိ ဝေဝါးနေခဲ့ပုံ ရတယ်လို့ The Guardian သတင်းစာက ရေးပါတယ်။ ဗင်နီဇွဲလားအနေနဲ့ အမေရိကန်နဲ့ စစ်မဖြစ်ချင်ဘူးလို့ မာဒူရိုက ထပ်ခါတလဲလဲ ပြောခဲ့ပါတယ်။
အမေရိကန်အထူးတပ်ဖွဲ့ဝင်တွေ သူ့ကို လာမဖမ်းခင် နှစ်ရက်အလို ကြာသပတေးနေ့က ရုပ်သံအင်တာဗျူးတစ်ခုမှာ မာဒူရိုက ဗင်နီဇွဲလားရဲ့ ရေနံကဏ္ဍမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကြိုဆိုသွားမယ်လို့ ပြောခဲ့ပါသေးတယ်။
၂၀၂၅ ၊ ဒီဇင်ဘာလ အစောပိုင်းမှာ ထရမ့်အစိုးရက ‘Trump corollary’ လို့ခေါ်တဲ့ စာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ အနောက်ကမ္ဘာခြမ်းကို နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စစ်ရေးအရ အမေရိကန်ကပဲ ထိန်းချုပ်ရမယ်လို့ အဲဒီစာတမ်းမှာ ဖော်ပြထားပါတယ်။ ဒီမူဝါဒသစ်အရ အဲဒီဒေသမှာရှိတဲ့ စွမ်းအင်နဲ့ သယံဇာတတွေကို ရယူဖို့အတွက် အမေရိကန်စစ်တပ်ကို ထရမ့်အစိုးရက အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
မာဒူရိုကို ဖမ်းဆီးပြီး နာရီပိုင်းအကြာမှာပဲ ထရမ့်က လက်တင်အမေရိကမှာ အမေရိကန်ရဲ့ စစ်အင်အားကို အခိုင်အမာပြသခဲ့တဲ့ ၁၉ ရာစုက မွန်ရိုးမူဝါဒ (Monroe doctrine) ကို ရည်ညွှန်းပြောဆိုခဲ့ပါတယ်။ ဒီမူဝါဒကို ထရမ့်က ‘Don-Roe doctrine’ လို့ နာမည်သစ်ပေးပြီး အခုလို ပြောခဲ့ပါတယ်။
“အနောက်ကမ္ဘာခြမ်းမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှုကို ဘယ်သူမှ ပြန်ပြီး မေးခွန်းထုတ်စရာ မလိုတော့ဘူး”
လက်ရှိဗင်နီဇွဲလား အစိုးရအဖွဲ့ရဲ့ အနာဂတ်ဟာ မသေချာမရေရာတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ဗင်နီဇွဲလားမှာ အစိုးရအပြောင်းအလဲ မလုပ်နိုင်ခင်အထိ အမေရိကန်ကပဲ ဗင်နီဇွဲလားကို အုပ်ချုပ်သွားမယ်လို့ ထရမ့်က စနေနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ အမေရိကန်ရေနံကုမ္ပဏီတွေလည်း ဗင်နီဇွဲလားနိုင်ငံထဲကို ဝင်ရောက် လာတော့မယ်လို့ သူက ဆိုပါတယ်။
“အမေရိကန် လုပ်နိုင်ခဲ့သလိုမျိုး ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှ မလုပ်နိုင်ဘူး” လို့ ထရမ့်က ကြွားလုံးထုတ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ ဗင်နီဇွဲလားစစ်တပ်ကပဲ နိုင်ငံနဲ့ စစ်တပ်ကို ဆက်လက် ထိန်းချုပ်ထားပုံ ရပါတယ်။ ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်ကို အမေရိကန်စစ်တပ်က သိမ်းပိုက်ထားတဲ့ လက္ခဏာ မတွေ့ရသလို ဗင်နီဇွဲလား စစ်သားတွေဟာလည်း နိုင်ငံတစ်ဝန်းက စစ်စခန်းတွေမှာ ရှိနေဆဲ ဖြစ်ပါတယ်။
ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးကတော့ နိုင်ငံခြားကျူးကျော်မှုကို အတူတကွ ခုခံကြဖို့ ပြည်သူတွေကို တိုက်တွန်း ထားပါတယ်။ အမေရိကန်ကို တော်လှန်တာဟာ “လွတ်လပ်မှုအတွက် တိုက်ပွဲဝင်တာ” ဖြစ်တယ်လို့လည်း ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးက ပြောထားပါတယ်။
၂၀၂၅ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာရီယာ ကိုရီနာ မာချာဒို အပါအဝင် ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်တွေကတော့ နိုင်ငံထဲမှာ လူထုအုံကြွမှုဖြစ်လာအောင် ကူညီပေးဖို့ ထရမ့်ကို တောင်းဆိုထားကြပါတယ်။
ဗင်နီဇွဲလားမှာ နောက်ထပ် စစ်ရေးလှုပ်ရှားမှုတွေလုပ်ဖို့ အမေရိကန်မှာ အခွင့်အာဏာရှိတယ်လို့ ထရမ့်က ပြောပါတယ်။ အမေရိကန် ခြေလျင်တပ်တွေ ဗင်နီဇွဲလားကို ထပ်စေလွှတ်ဖို့ ရှိ၊ မရှိကိုတော့ ထရမ့်က အတိအကျ မပြောပါဘူး။ အမေရိကန်ရဲ့ စစ်ဆင်ရေးဟာ ပိုမိုကျယ်ပြန့်တဲ့ စစ်ပွဲတစ်ခုရဲ့ အစပျိုးမှုလား ဒါမှမဟုတ် အခုတစ်ကြိမ်တည်းနဲ့ ပြီးသွားမယ့် စစ်ဆင်ရေးလားဆိုတာတော့ မသဲကွဲသေးပါဘူး။
အမေရိကန်ဟာ ဗင်နီဇွဲလား ခေါင်းဆောင်ပိုင်းကို အမြစ်ပြတ်ချေမှုန်းတဲ့ အခြေအနေမျိုးအတွက် ပုံစံတူစစ်ရေးလေ့ကျင့်မှုတွေ အရင်ကတည်းက လုပ်ခဲ့ဖူးပါတယ်။ အဲဒီ လေ့ကျင့်ခန်းတွေကနေ ထွက်ပေါ်လာတဲ့ ခန့်မှန်းချက်တွေက ဗင်နီဇွဲလားမှာ ရေရှည် ဗြဲလရမ်းအခြေအနေ ဖြစ်လာနိုင်ပြီး ဒုက္ခသည်တွေ နိုင်ငံပြင်ပကို အလုံးအရင်းနဲ့ ထွက်ပြေးတာ၊ အုပ်စုအသီးသီးက နိုင်ငံ့အာဏာအတွက် အချင်းချင်း တိုက်ခိုက်တာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ အဲဒီလေ့ကျင့်ခန်းတွေမှာ ပါဝင်ခဲ့တဲ့ လက်တင်အမေရိကအရေး ကျွမ်းကျင်သူ ဒေါက်ဂလပ်စ်ဖာရာက ဒီလို ပြောပါတယ်။
“ဘယ်လိုမှ ထွက်ပေါက်မရှိတဲ့ ရေရှည် ပရမ်းပတာ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်”
Ref: Time Magazine ၊ BBC ၊ The Guardian







