ကမ္ဘာနှင့် ပိုမိုနီးကပ်လာသည့် လ ကို ဒီဇင်ဘာလ ၄ ရက်နေ့နှင် ၅ ရက်နေ့တို့တွင် တွေ့မြင်ရမည်ဖြစ်ရာ ထားဝယ်မြို့ ၊ လောကမာရဇိန်ဘုရားကြီး ဝင်းအတွင်းမှ ယနေ့ နတ်တော်လပြည့်နေ့ ညဦးပိုင်း၌ တွေ့ရသည့် စူပါမွန်း၏ ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။
ပုံမှန်ထက် အလွန်ကြီးမားစွာမြင်တွေ့ရမည့် စူပါမွန်းဖြစ်စဉ်ကို ယနေ့နှင့် ဒီဇင်ဘာလ ၅ ရက်ညတွင် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးက မြင်တွေ့ရမည်ဖြစ်ကြောင်း နက္ခတ်တာရာ လေ့လာသူများကဆိုသည် ။
ပြီးခဲ့သည့် အောက်တိုဘာလက ယခု ၂၀၂၅ ခုနှစ်၏ ပထမဆုံးအကြိမ် စူပါမွန်းဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာလ၌ ဒုတိယမြောက် စူပါမွန်းဖြစ်စဉ် ဖြစ်ပေါ်ခဲ့သေးသည်။






စူပါမွန်း ဖြစ်စဉ် ဆိုသည်မှာ လသည် ကမ္ဘာနှင့် ပိုမိုနီးကပ်သည့် “ပယ်ရီဂျီး (Perigee)” ဟုခေါ်သော အနီးဆုံးအမှတ်ကို ရောက်ရှိနေချိန်၌ ဖြစ်ပေါ်လာသည့် လပြည့်ဝန်းကို ခေါ်ဆိုခြင်းဖြစ်ကြောင်း Myanmar Astronomy & Science Enthusiasts Society (MASES) က ရှင်းပြထားသည် ။
ဆောင်းရာသီဖြစ်သဖြင့် မိုးတိမ်ရှိနေသောကြောင့် ထားဝယ်မြို့ ၌ စူပါမွန်းဖြစ်စဥ်အား ရှင်းလင်းစွာ မမြင်တွေ့ခဲ့ရပေ ။
စူပါမွန်းဖြစ်စဉ်များသည် မိုးကောင်းကင်တွင် ဖြစ်ပေါ်နေကျ ဖြစ်စဉ်များသာဖြစ်ပြီး ကမ္ဘာပေါ်က လူသားများ၏ ကံဆိုးကံကောင်းခြင်းဖြစ်စဉ်များနှင့် သက်ဆိုင်မှုမရှိသော နက္ခတ်တာရာ ဖြစ်စဉ်များသာ ဖြစ်ကြောင်း MASES ကဆိုသည်။
ဓာတ်ပုံ – Dawei Watch







