BREAKING
December 5, 2025

မြိတ်ကမ်းနားတွင် အဆုံးစီရင်ရန် ကြိုးစားသည့် အမျိုးသမီးကို ကယ်တင်နိုင်ခဲ့

December 4, 2025

ပုံစာ - အဆုံးစီရန်ကြိုးစားသည့် အမျိုးသမီးအား လှေဖြင့်သွားကယ်ဆယ်လာပြီးနောက် ဆေးရုံပို့ရန် ကမ်းစပ်သို့သယ်လာစဥ်။ ဓာတ်ပုံ - ရှင်သန်ခြင်းပရဟိတအသင်း။

မြိတ်မြို့၊ ကမ်းနားလမ်း ၊ သဲကွင်းအနီးရှိ ပင်လယ်ရေထဲတွင် ကိုယ့်ကိုယ်ကို အဆုံးစီရန် ကြိုးစားခဲ့သည့် အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက် ပြန်ကယ်တင်နိုင်ခဲ့ကြောင်း မြို့ခံများနှင့် ကူညီဆောင်ရွက်ပေးခဲ့သည့် အဖွဲ့အစည်းများထံမှသိရသည်။

ယနေ့ ဒီဇင်ဘာလ ၄ ရက် ညနေပိုင်း ၎င်းအမျိုးသမီးမှာ ရေထဲခုန်ချ၍သတ်သေရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းဝင်များက လှေဖြင့် သွားရောက်ကယ်ဆယ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြိတ်အခြေစိုက် ရှင်သန်ခြင်း ပရဟိတ အသင်း၏ ကားဖြင့် မြိတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့များထံမှသိရသည်။

ရှင်သန်ခြင်းပရဟိတ အဖွဲ့၏ တာဝန်ရှိသူ အား ဆက်သွယ်မေးမြန်းရာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ကြောင်း ကနဦးသိရပြီး အသေးစိတ်မသိရသေးကြောင်းဖြေကြားသည်။

အဆိုပါအမျိုးသမီးသည် ရေထဲမဆင်းမီ ကမ်းနားသဲကွင်း ကန်ဘောင်ပေါ်တွင် ဖိနပ်တစ်ရံနှင့် ပိုက်ဆံအိတ်ကို ချန်ထားရစ်ခဲ့ကြောင်း ဖြစ်စဥ်အား မှတ်တမ်းတင်ထားသည့်ဓာတ်ပုံများ၌တွေ့ရသည်။

ယင်းဖြစ်စဥ်အား ရပ်ကွက်နေသူများ၊ လမ်းသွားလမ်းလာများက တွေ့ရှိပြီး မီးသတ်တပ်ဖွဲ့နှင့် ပရဟိတအသင်းထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ကူညီတောင်းခံခဲ့သဖြင့် အချိန်မီ အသက်ရှင်လျက် ကယ်တယ်နိုင်ခဲ့ကြောင်း ဖြစ်စဥ်အားသိရှိသည့် မြို့ခံများကဆိုသည်။