မြိတ်မြို့တွင် ဆိုင်ကယ် ကယ်ရီမောင်းသည့် အမျိုးသားတစ်ဦးသည် ခရီးသည်တစ်ဦးကို ပို့ဆောင်စဉ် ဆိုင်ကယ်လုယက် သတ်ဖြတ်ခံရကြောင်း သေဆုံး၏ မိသားစုဝင်များထံမှ သိရသည်။
သေဆုံးသူမှာ မြိတ်မြို့၊ ကလွင်ကျေးရွာအုပ်စု၊ သဲချောင်းကြီးကျေးရွာတွင်နေထိုင်သည့် အသက် ၆၅နှစ်အရွယ် ဦးကြူရှင် ဖြစ်ကြောင်း ၎င်း၏ သားဖြစ်သူက ပြောသည်။
ဦးကြူရှင်သည် ဒီဇင်ဘာလ ၂ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ကျွဲကူးကျေးရွာသို့ သွားလိုသည့် အမျိုးသားတစ်ဦးအား ဆိုင်ကယ်ဖြင့် လိုက်ပို့ရာမှ အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။
မိသာစုဝင်များက လိုက်လံစုံစမ်းရှာဖွေရာ ဒီဇင်ဘာလ ၃ရက် နံနက်ပိုင်းတွင် ဦးကြူရှင်၏ ရုပ်အလောင်းကို မြိတ်မြို့ စန္ဒဝတ်ကျေးရွာအုပ်စု၊ သမဲကျေးရွာ ရော်ဘာတောထဲတွင် တွေ့ရှိကြောင်း သားဖြစ်သူက ပြောဆိုသည်။
“အဖေက နေ့တိုင်း ညနေ ၃နာရီလောက်ဆိုရင် အိမ်ပြန်လာနေကျ၊ အဖေပြန်မလာတော့ ဖုန်းတွေဆက်ပြီး ဆက်သွယ်တာ လုံး၀ ဆက်သွယ်လို့ မရတော့ဘူး။ တစ်ရက်ကြာပြီးမှ အဲဒီရော်ဘာတောထဲမှာ သေနေတာကို ရော်ဘာခြစ် အလုပ်သမား တွေ တွေ့တာ”ဟု ၎င်းက ပြောသည်။
ဦးကြူရှင်တွင် ဦးခေါင်း၊ မေးရိုး ကွဲအက် ဒဏ်ရာနှင့် လက်ကျိုး ဒဏ်ရာများဖြင့် သွေးထွက်လွန်ကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း မိသားစုထံမှ သိရသည်။
ဆိုင်ကယ်လုယက် သတ်ဖြတ်သူဟု ယူဆရသူမှာ အင်္ကျီအနီရောင်နှင့် ဘောင်းဘီဝတ်ဆင်ထားသည့် လူငယ်အမျိုးသား တစ်ဦးဖြစ်ပြီး ဒီဇင်ဘာလ ၂ရက်က ဦးကြူရှင်ဖြင့် လိုက်ပါသွားသည်ကို CCTV မှတ်တမ်းများတွင် တွေ့ရှိခဲ့ကြောင်း ဦးကြူရှင်၏ သားဖြစ်သူက ဆိုသည်။
“အဖေက ဆိုင်ကယ်ဦးထုပ် မရှိတော့ အမျိုးအိမ်မှာ ဆိုင်ကယ် ဦးထုပ်ဝင်ငှားသေးလို့ လိုက်စုံစမ်းတော့ အဲဒီအနားက CCTV တွေမှာ အင်္ကျီအနီနဲ့ တစ်ယောက်ကို အဖေနဲ့အတူထွက်သွားတာကို တွေ့ရတယ်” ဟု ၎င်းက ပြောသည်။
CCTV မှတ်တမ်း၌ မြင်တွေ့ရသည့် ခရီးသည် လူငယ်အမျိုးသားကိုလည်း ဒီဇင်ဘာလ ၃ရက်တွင် ဖမ်းမိထားပြီး မြိတ်မြို့မရဲစခန်းတွင် စစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။
စစ်အာဏာသိမ်းပြီးနောက် မြိတ်မြို့တွင် ခိုးမှု၊ လုယက်မှု၊ ဖောက်ထွင်းမှုများ ခပ်စိပ်စိပ်ဖြစ်ပွားနေသည်။
ထားဝယ်တွင်လည်း ဒီဇင်ဘာလ ၂ ရက်က လူစည်ကားရာ လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း၌ မြို့ခံဘုရားဖူးတစ်ဦး၏ ဆိုင်ကယ်ကို အမျိုးသားတစ်ဦးက သော့ဖျက်ပြီး ခိုးယူသွားခဲ့သေးသည်။







