BREAKING
December 5, 2025

ကန့်ကွက်မှုများကြောင့် ဖုန်းများတွင် ခြေရာခံဆော့ဖ်ဝဲလ် ထည့်ရမည့်အမိန့် အိန္ဒိယအစိုးရ ပယ်ဖျက်လိုက်ရ

December 4, 2025

အစိုးရထိန်းချုပ်ထားသည့် ဆိုက်ဘာလုံခြုံရေးအက်ပလီကေးရှင်းတစ်ခုကို စမတ်ဖုန်းများတွင် ကြိုတင်ထည့်သွင်းရန် အမိန့်ကို အိန္ဒိယအစိုးရက ဒီဇင်ဘာလ ၃ ရက်နေ့က ပြန်လည်ပယ်ဖျက်လိုက်သည်။

အဆိုပါ အမိန့်နှင့် ပတ်သက်၍ ဝန်ကြီးချုပ်မိုဒီ၏ အတိုက်အခံများနှင့် ပုဂ္ဂလိကအချက်အလက် လုံခြုံရေးတက်ကြွလှုပ်ရှားသူများက အကြီးအကျယ်ကန့်ကွက်မှု ပေါ်ထွက်လာပြီးနောက်တွင် ယင်းသို့ ပြန်လည်ပယ်ဖျက်လိုက်ခြင်း ဖြစ်သည်။

“မိုဘိုင်းဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေအနေနဲ့ အဲဒီ အက်ပလီကေးရှင်း ကြိုတင်ထည့်သွင်းမှုကို မဖြစ်မနေ လုပ်ဆောင်ဖို့ မလိုအပ်တဲ့အကြောင်း အစိုးရက ဆုံးဖြတ်လိုက်ပါပြီ” ဟု အိန္ဒိယဗဟိုအစိုးရ ၊ ဆက်သွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ဖုန်းအသစ်များတွင် ‘ဆက်သွယ်ရေးမိတ်ဆွေ’ ဟု အဓိပ္ပါယ်ရသည့် ‘Sanchar Saathi’ ခေါ် ခြေရာခံနိုင်သည့် ဆော့ဖ်ဝဲလ်ကို ရက် ၉၀ အတွင်း ကြိုတင်ထည့်သွင်းထားကြရန် Apple, Samsung, Xiaomi အပါအဝင် စမတ်ဖုန်းကုမ္ပဏီများအား အိန္ဒိယအစိုးရက လျှို့ဝှက်အမိန့်ပေးထားကြောင်း Reuters သတင်းဌာနက တနင်္လာနေ့တွင် ပထမဆုံး ဖော်ပြခဲ့သည်။

အဆိုပါ သတင်းထွက်ပေါ်လာပြီးနောက် စမတ်ဖုန်းအသုံးပြုများကို အစိုးရက စောင့်ကြည့်လာမည့်အရေး စိုးရိမ်မှုများဖြင့် အတိုက်အခံများနှင့် တက်ကြွလှုပ်ရှားသူများက အကြီးအကျယ် ကန့်ကွက်ခဲ့ကြသည်။

အိန္ဒိယသတင်းဌာနများ၏ အယ်ဒီတာ့အာဘော်များတွင်လည်း အဆိုပါ အက်ပလီကေးရှင်းထည့်သွင်းရေး အစီအစဉ်ကို ပြင်းပြင်းထန်ထန် အပြစ်တင်ရှုတ်ချခဲ့ကြသည်။

ယင်းအစီအစဉ်ကို လိုက်နာရန် အစီအစဉ်မရှိသည့် Apple ၊ Samsung ကုမ္ပဏီတို့နှင့် အိန္ဒိယအစိုးရအကြား သဘောထားကွဲလွဲပွတ်တိုက်မှု ဖြစ်ပေါ်ခဲ့ရကြောင်းလည်း သိရသည်။

အဆိုပါ အက်ပလီကေးရှင်းသည် ခိုးယူခံရသည့် ဖုန်းများကို ခြေရာခံရန်နှင့် ပိတ်ဆို့ရန်အတွက်သာ အထောက်အကူပြုပြီး ဖုန်းအလွဲသုံးစားလုပ်ခြင်းတို့မှ ကာကွယ်တားဆီးရန်သာ ရည်ရွယ်ကြောင်း အိန္ဒိယအစိုးရက ဆိုသည်။

Source: Reuters