ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စုရှိ ရပ်ကွက်အချို့အတွင် နိုဝင်ဘာလ နောက်ဆုံးအပတ်ကစ၍ စစ်ကော်မရှင် လက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့က နေအိမ်များကို ဝင်ရောက်ပြီး လူဦးရေစာရင်းလိုက်စစ်နေကြောင်း ဒေသခံများက ပြောသည်။
မြသီတာရပ်ကွက်၊ ဗိုလ်ချုပ်ရပ်ကွက်နှင့် လှည်းကုန်းရပ်ကွက်တို့တွင် ယင်းသို့ စစ်ဆေးခဲ့ကြောင်း ဒေသခံများက ဆိုသည်။
“အိမ်တိုင်း ဝင်တာမျိုးတော့ မဟုတ်ဘူး။ ဝင်ချင်တဲ့အိမ်ဝင်ပြီး အိမ်ထောင်စုဇယားနဲ့ တိုက်စစ်တာ” ဟု ကံပေါက်ရွာ၊ မြသီတာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ယင်းသို့ စစ်ဆေးချိန် မောရဝတီရေတပ်မှ စစ်အာဏာရှင်တပ်သားများက လုံခြုံရေးယူပေးပြီး လူဦးရေစာရင်း စစ်ဆေးနေချိန် အင်တာနက်ပြတ်တောက်ခြင်းမျိုးကြုံရကြောင်း အထက်ပါရပ်ကွက်နေ ဒေသခံများက ဆိုသည်။
“အိမ်တွေကို လိုက်ဝင်နေတဲ့အချိန်ဆို ရပ်ကွက်ထိပ်ရော အဝင်လမ်းတွေရောမှာ စစ်သားတွေ အပြည့်ပဲ။ အဲဒီအချိန်ဆို အင်တာနက်က ပြတ်ပြတ်သွားတယ်” ဟု ဗိုလ်ချုပ်လမ်းတွင်နေထိုင်သူတစ်ဦးက ပြောသည်။
ကံပေါက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် ကပ်ထားသည့် မဲစာရင်းကိုမူ လာရောက်ကြည့်ရှူသူ မရှိသလောက်နည်းကြောင်း အုပ်ချုပ်ရေးမှူးရုံးအနီးနေထိုင်သည့် ဒေသခံများထံမှသိရသည်။
ယင်းအပြင် ကံပေါက်ရွာ သီရီမင်္ဂလာရပ်ကွက်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးကိုလည်း နိုဝင်ဘာလ နောက်ဆုံးအပတ် တွင် မောရဝတီရေတပ်က ဖမ်းဆီးကာ သုံးရက်ကြာ စစ်ဆေးပြီးနောက် ပြန်လွှတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးစစ်ဆေးသည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။
ရေဖြူမြို့ပေါ် ရပ်ကွက်အချို့တွင်လည်း စစ်ကော်မရှင်လက်အောက်ခံ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက နေအိမ်များသို့ ဝင်ရောက်ကာ မဲစာရင်းစစ်ဆေးနေကြောင်း စစ်အုပ်စု၏ ပြန်ကြားရေးဌာနက ဖော်ပြချက်အရ သိရသည်။
ယင်းသို့ လိုက်စစ်ချိန် စစ်အာဏာရှင်တပ်သား၊ ရဲ၊ မီးသတ်၊ ပျူစောထီးများ လုံခြုံရေးယူထားကြောင်း ဖော်ပြသည်။
စစ်အာဏာရှင်တပ်သည် အင်အားအများအပြားသုံးကာ စစ်ကြောင်းထိုး၍လည်း အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း ဧရိယာအတွင်းရှိ ကျေးရွာများတွင်လည်း လူဦးရေစာရင်း စစ်ဆေးခြင်းတို့ကို ဆက်တိုက်လုပ်ဆောင်နေသည်။







