BREAKING
December 5, 2025

ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်ဖျက်ဆီး၍ဟုဆိုကာ ကျွန်းစု၊ ကတ္တလူရွာသားကို အမှုဖွင့်

December 4, 2025

ပုံစာ - ကျွန်းစုမြို့ အမှတ် ၁ ရပ်ကွက်တွင် မဲဆွယ်ဆိုင်းဘုတ် ထောင်နေသည့် ကြံ့ခိုင်ရေး ပါတီဝင်များအားတွေ့ရစဥ် ။ ဓာတ်ပုံ - Tanintharyi USDP

ကျွန်းစုမြို့နယ် ၊ ကတ္တလူရွာတွင် စစ်ကော်မရှင် ရွေးကောက်ပွဲ၌ ဝင်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီ မဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရသည်ဟုဆိုကာ သံယသရှိသည့် ဒေသခံတစ်ဦးကို ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း စစ်အုပ်စုက ထိန်းချုပ်ထားသည့် သတင်းစာ၌ ဒီဇင်ဘာလ ၃ ရက်တွင် ဖော်ပြသည် ။

နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ကတ္တလူကျေးရွာ လမ်းလေးဆုံ၌ စိုက်ထူထားသည့် ကြံ့ခိုင်ရေးပါတီ ၏ မဲဆွယ်စည်းရုံးရေးဗီနိုင်းဆိုင်းဘုတ် ဖျက်ဆီးခံရပြီး ဖျက်ဆီးသွားသူအား ကျွန်းစုမြို့မရဲစခန်းတွင် ရွေးကောက်ပွဲ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က)ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရန်လိုက်လံရှာဖွေနေကြောင်း စစ်အုပ်စု၏ ထုတ်ပြန်ချက်၌ ရေးသားထားသည် ။

ပုလောမြို့နယ် ၊ ဘုတ်ခြံရွာတွင်လည်း နိုဝင်ဘာလအတွင်းက ကြံ့ခိုင်ရေးပါတီမဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရသည်ဟုဆိုကာ သံသယရှိသည့် ဒေသခံတစ်ဦး ကို အမှုဖွင့်ကာ ဖမ်းဆီးရန်လိုက်ရှာနေကြောင်း စစ်အုပ်စုကဆိုသည် ။

ယင်းအပြင် ထားဝယ်ခရိုင် ဒီမိုကရေစီ အရေးလှုပ်ရှားမှုသပိတ်ကော်မတီဝင်တစ်ဦးနှင့် ကျွန်းစုမြို့နယ် အတွင်း စစ်ရေးလှုပ်ရှားမှုပြုလုပ်သည့် ဒေါင်းနက်အဖွဲ့ဝင် ငါးဆယ်ဦးကိုလည်း စစ်ကော်မရှင် က ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေဖြင့် နိုဝင်ဘာလအတွင်း၌ အမှုဖွင့်ခဲ့သည် ။

စစ်ကော်မရှင်က ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားသူ တနင်္သာရီတိုင်းတွင် ငါးဆယ်ကျော်ရှိပြီဖြစ်သော်လည်း ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးကြောင်း တွေ့ရသည်။

Dawei Watch ကပြုစုထားသည့် အချက်အလက်အရ စစ်ကော်မရှင်က ခွင့်ပြုထားသည် ရွေးကောက်ပွဲ မဲဆွယ်ကာလ၌ တနင်္သာရီတိုင်းတွင် ကြံ့ခိုင်ရေး မြို့နယ်ရုံးတစ်ရုံး ၊ မြို့နယ်ဥက္ကဋ္ဌနေအိမ်တစ်လုံးနှင့် မဲဆွယ်ဆိုင်းဘုတ်သုံးခု ဖျက်ဆီးခံရပြီး ယာဥ်မတော်တဆမှုနှင့် သဘာဝဘေးကြောင့်လည်း ကြံ့ခိုင်ရေးမဲဆွယ်ဆိုင်းဘုတ်နှစ်ခု ပျက်စီးခဲ့သေးသည် ။