ပွင့်လင်းရာသီ စတင်ဝင်ရောက်နေပြီဖြစ်သော်လည်း မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ထားဝယ်ခရိုင်က ဆားလုပ်ငန်းများ လုပ်ငန်းမစတင်နိုင်သေးကြောင်း ဆားလုပ်တောင်သူအချို့က ပြောသည်။
နှစ်စဉ် သီတင်းကျွတ်လတွင် ဆားကွင်းပြင်ခြင်း၊ ရေငန်တားတမံ မြေဖို့ခြင်းများ လုပ်ကိုင်လေ့ရှိသော်လည်း ယခုနှစ်တွင် မိုးအဆက်မပြတ် ရွာသွန်းနေသဖြင့် လုပ်ငန်းများ နှောင့်နှေးနေကြောင်း ဆားလုပ်တောင်သူအချို့က ဆိုသည်။
“မိုးနဲ့ဆိုတော့ အလုပ်မဖြစ်ဘူး။ သုံးလေးရက်လောက်ပဲ လုပ်ရသေးတယ်။ ပြန်နားနေကြရတယ်” ဟု သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးရွာက မီးချက်ဆားလုပ်တောင်သူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” (MONTHA)အရှိန်နှင့် အရှေ့အရပ်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် ဆက်စပ်နေသော မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသအနီး ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ အရှိန်များကြောင့် တိုင်းနှင့် ပြည်နယ်အားလုံးတွင် မိုးရွာသွန်းမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသပညာရှင်များက ခန့်မှန်းထား သည်။
တနင်္သာရီတိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် နိုဝင်ဘာလဆန်းအထိ မိုးရွာနိုင်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
သီတင်းကျွတ်ကာလမှ ယခု တန်ဆောင်တိုင်ကာလအထိ ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ မြိတ်မြို့တို့တွင် မိုးရွာသွန်းကြောင်း ဒေသခံများက ပြောသည်။
မိုးကြောင့် ဆားထုတ်လုပ်မှု နှစ်လနီးပါး နောက်ကျသွားနိုင်ကြောင်း ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်က ဆားလုပ်ငန်းရှင် ဦးသန်းဝင်းက ဆိုသည်။
“ကွင်းတော့ပြင်နေပြီ။ အရင်နှစ်တွေကထက် ပိုနောက်ကျတာပေါ့။ လုပ်လိုက်နားလိုက်နဲ့ အရင်နှစ်ကထက် နှစ်လလောက် နောက်ကျတယ်ပြောရမယ်။ ဆားဘယ်အချိန်လောက် ထွက်မလဲဆိုတာတော့ ပြောလို့မရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။
ဆားလုပ်ငန်း နောက်ကျနိုင်သဖြင့် ဆားအထွက်လည်းလျော့ကျနိုင်ကြောင်း ဦးသန်းဝင်းက ဆက်လက်ပြောဆိုသည်။
“ဆားထုတ်လုပ်မှုနောက်ကျတော့ ဆားအထွက်လျော့မယ်။ အခုလက်ရှိ ဈေးနဲ့ဆိုရင် ဆားအထွက်လျော့ရင် ဈေးပိုမြောက်မယ်။ အလုပ်သမားစရိတ် ထုတ်လုပ်မှုစရိတ်နဲ့ ဒီနှစ်က ခန့်မှန်းလို့တောင် မတတ်တော့ဘူး” ဟု ဦးသန်းဝင်းက ပြောသည်။
ထားဝယ်ခရိုင်တွင် နေလှန်းဆား၊ မီးချက်ဆား ထုတ်လုပ်ရောင်းချသူများရှိသလို ပုလောမြို့နယ်တွင်လည်း ဆားထုတ်လုပ်သည့် တောင်သူများရှိသည်။







