BREAKING
November 4, 2025

ညောင်ဇင်နှင့် ကံပေါက်က နှစ်ကျိပ်ရှစ်ဆူဘုရားများ နေ့ဘက်လှည့်

November 4, 2025

ဓာတ်ပုံ - ပေးပို့ ။

ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကျင်းပပြီး နောက်တစ်ရက် တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပလေ့ရှိသည့် ညောင်ဇင်ရွာနှင့် ကံပေါက်ရွာ ဘုရားလှည့်ပွဲများကို ယခုနှစ်တွင်လည်း နေ့ဘက်လှည့်လည်ကျင်းပ အပူဇော်ခံခဲ့သည်။

သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာတွင် ၈၁ ကြိမ်မြောက် ဘုရားလှည့်ပွဲကို ယနေ့ နိုဝင်ဘာလ ၄ ရက် နေ့လယ်ပိုင်းတွင် ကျေးရွာအတွင်း ကျင်းပခဲ့သည်။

ကိုဗစ်ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် ရပ်နားခဲ့ကာ ၂၀၂၃ ခုနှစ်ကစ၍ နှစ်ကျိပ်ရှစ်ဆူဘုရားများထဲမှ တစ်နှစ်လျှင် ပွင့်စဥ်အလိုက် လေးဆူစီရွေးချယ်၍ ရှင်ဥပဂုတ္တ၊ အလောင်းတော် နတ်သားရုပ်ပွားတော်များ ခြံရံလှည့်လည်ခဲ့ကြသည် ။

လာမည့်နှစ်တွင်ကျရောက်မည့် ညောင်ဇင်ရွာ၏ ၈၂ကြိမ်မြောက် ဘုရားလှည့်ပွဲတွင်မူ ဘုရားလေးဆူစီရွေးချယ်ကာ မလှည့်လည်တော့ဘဲ နှစ်ကျိပ်ရှစ်ဆူစလုံး အပူဇော်ခံ လှည့်လည်နိုင်ရန် လျာထားကြောင်း ပွဲစီစဉ်သူ များထံမှသိရသည် ။

ရေဖြူမြို့နယ်၊ ကံပေါက်ရွာက ၇၆ ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲကိုလည်း ယနေ့ နံနက်ပိုင်းတွင် ရပ်ကွက် ၉ ရပ်ကွက်မှ ဂေါပကများနှင့် ဘုန်းကြီးကျောင်းဂေါပက တို့က ဦးဆောင်ကျင်းပသည်။

ကိုဗစ်ကာလက ရပ်နားပြီးနောက် ၂၀၂၃ ခုနှစ်တွင် ဘုန်းကြီးကျောင်းက ဦးဆောင်၍ ပြန်လှည့်လည်ခဲ့ပြီး ယမန်နှစ်တွင် ရပ်ကွက်အချို့က တာဝန်ယူ၍ ပြန်လည်လှည့်လည်ခဲ့ကြသည်။ သို့သော် လမ်းပန်းဆက်သွယ်ရေးနှင့် အခြားအခက်အခဲ များကြောင့် ရပ်ကွက်အချို့ ပါဝင်နိုင်ခြင်း မရှိကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဘုရားပွဲနှစ်ခုစလုံးသည် ကိုဗစ်မတိုင်မီက တန်ဆောင်မုန်းလပြည့်ညမှ မနက်ခင်းအထိ ညလုံးပေါက်လှည့်လည် အပူဇော်ခံလေ့ရှိသည် ။

ညောင်ဇင်ရွာနှင့် ၎င်းရွာဝန်းကျင်သည် စစ်အာဏာရှင်တပ်၏ စစ်ကြောင်းထိုးခြင်း မကြာခဏခံရလေ့ရှိပြီး ကံပေါက်ရွာ သည်လည်း စစ်အာဏာရှင်တပ်၏ တပ်စခန်း၊ တပ်ဌာနချုပ်အချို့ အခြေစိုက်သဖြင့် သွားရေးလာရေး ဖိနှိပ်ကန့်သတ်မှု အများဆုံးခံရသည့် ဒေသတစ်ခုဖြစ်သည်။

ရွာသားအများစု နေရပ်စွန့်ခွာသွားသော သရက်ချောင်းမြို့နယ်၊ ကနက်သီရီရွာက နှစ်ခြောက်ဆယ်ဝန်းကျင်သက်တမ်းရှိ ဘုရားလှည့်ပွဲမှာမူ ကိုဗစ်ကာလနောက်ပိုင်း လုံးဝပြန်ကျင်းပနိုင်ခြင်းမရှိသေးကြောင်း ယင်းရွာသားများထံမှသိရသည်။