ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မောင်းမကန်၊ ရေပူစမ်းပတ်လမ်းကို ဖြတ်သန်းခြင်းမပြုရန် စစ်အာဏာရှင်တပ် တားမြစ်

November 4, 2025

လောင်လုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ရဲစခန်းရှောင်ကွင်းလမ်းဖြစ်သော မောင်းမကန်ရေပူစမ်းပတ်လမ်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် စစ်အာဏာရှင်တပ်က တားမြစ်ထားကြောင်း ဒေသခံများထံမှသိရသည်။

မောင်းမကန်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ၆ ရက်အကြာဖြစ်သည့် ‌နိုဝင်ဘာလ ၁ ရက်နေ့ တွင် အိုးဝေ(သုံးဘီး) အငှားယာဉ်တစ်စီးသည် ထားဝယ်မြို့ဘက်မှ ပန်းတင်အင်း ကျေးရွာဘက်သို့ ယင်းလမ်းပိုင်းကို ဖြတ်သန်း၍ လာစဉ် စစ်အာဏာရှင်တပ်က သေနတ်ဖြင့် ပစ်ခတ်တားဆီးခဲ့ကြောင်း၊ ယာဉ်မောင်းကိုရပ်တန့်စစ်ဆေးပြီးနောက် ယင်းလမ်းပိုင်းကို ဖြတ်သန်းအသုံးမပြုကြရန် ပြောဆိုလိုက်ကြောင်း သုံးဘီးမော်တော်ယာဉ်မောင်းသူနှင့် နီးစပ်သည့် ဒေသခံအချို့ထံမှ စုံစမ်းသိရှိရသည်။

ယင်းလမ်းပိုင်းမှာ မောင်းမကန်ရေပူစန်းမှ မောင်းမကန်းကျေးရွာရှိ ဆေးရုံအနီးသို့ ဖောက်လုပ်ထားပြီး မောင်းမကန်ရဲစခန်း၏ အနောက်ဘက်တွင်ရှိသည့် ရဲစခန်းရှောင်ကွင်းလမ်းဖြစ်သည်။

မောင်းမကန်ရဲစခန်းကို ရှောင်ကွင်းသွားလာလိုသည့် ခရီးသွားများမှာ ယင်းလမ်းပိုင်းကို အများဆုံး အသုံးပြုကြကြောင်း ဒေသခံများထံမှသိရသည်။

“အခုက အဲဒီလမ်းပိုင်းကို လုံးဝပေးမသွားဘူး။ အမှုမဲ့အမှတ်မဲ့ ဖြတ်သန်းသွားလာသူတွေကိုလည်း ဒေသခံ တွေ က မသွားဖို့လမ်းက နေသတိပေးနေတာတွေ ရှိပါတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်များက မောင်းမကန်ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်အာဏာရှင်တပ်က ယင်းလမ်းပိုင်း ဖြတ်သန်းသွားလာခြင်းကို တားမြစ်လိုက်ခြင်းလည်းဖြစ်သည်။

ယင်းကြောင့် ဒေသခံခရီးသွားများမှာ ယခုလက်ရှိ မောင်းမကန် ရဲစခန်းရှေ့မှ ဖြတ်သန်းသွားလာနေကြရပြီး စစ်အာဏာရှင်တပ်ကလည်း ယခင်ကထက် အစစ်အဆေးပိုမိုတင်းကျပ်ထားသည်ဟုဆိုသည်။

“အခုက ဆန်တောင်တစ်အိတ်ပဲသယ်ရတယ်။ အစစ်အ‌ဆေးများလို့ လူငယ်တွေဆိုရင် စခန်း‌ရှေ့လမ်းက မသွားချင်ကြတော့ဘူး”ဟု အထက်ပါဒေသခံကပြောသည်။

စစ်အာဏာရှင်တပ်က ဆန်သယ်ယူခွင့် ကန့်သတ်ထားခြင်းကြောင့်လည်း ဒေသခံပြည်သူ့အချို့ အခက်အခဲဖြစ်နေကြသည်ဟု ဆိုသည်။

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်မီးရှို့ခဲ့သည့် မောင်းမကန်ရဲစခန်းကို ယခုလက်ရှိ စစ်အာဏာရှင်တပ်မှ ပြန်လည်ထိန်းချုပ်ထားပြီး စခန်းပြန်လည်ဆောက်နေကြောင်းလည်း ဒေသခံကများထံမှစုံစမ်းသိရှိရသည်။

ထိုသို့ပြန်လည် လုပ်ဆောင်နေချိန်တွင် စစ်အာဏာရှင်တပ်သည် မောင်းမကန်နယ်မြေရဲစခန်းဝန်းကျင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလျက်ရှိ ကြောင်း ဒေသခံအချို့ကပြောသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက မောင်းမကန်ကျေးရွာ အရှေ့ဘက်စခန်းကြီးကျေးရွာသို့ ရောက်ရှိနေသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းတစ်ကြောင်းသည် ယနေ့ ညနေပိုင်းတွင် မောင်းမကန်နယ် မြေရဲစခန်း၏ ‌ အရှေ့ မြောက်ဘက် ငါးမိုင်ခန့်အကွာတွင်ရှိသော ရေဖြူမြို့နယ် ပိန်းရှောင်ကျေးရွာအနီးသို့ ဆက်လက်စစ်ကြောင်းထိုး ရောက်ရှိလာ၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။