ထိုင်းနိုင်ငံ ချွန်ဖော်ခရိုင်တွင် နယ်စပ်တနင်္သာရီဘက်သို့ ထွက်၍ ကထိန်ပြုလုပ်ပြီး ပြန်လာသော မြန်မာနိုင်ငံသား ၄၀ ခန့်နှင့် ထိုင်းရွာသူကြီးတို့ ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
နိုဝင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီက နိုင်စုန်ထွန်းအမည်ရှိ ထိုင်းရွာသူကြီးသည် အခြားထိုင်းနှစ်ဦးနှင့်အတူ ထိုင်း-မြန်မာနယ်စပ် ချွန်ဖော်ခရိုင် ထာ့ဆဲဒေသ ရပ်ရောရွာရှိ နယ်စပ်စစ်ဆေးရေးဂိတ်သို့ ပစ်ကပ်ကားတစ်စီးဖြင့် ရောက်ရှိလာကြောင်း သတင်းတွင်ပါရှိသည်။
ချွန်ဖော်ခရိုင် ထာ့ဆဲဒေသ ရပ်ရောရွာ၏ တစ်ဖက်တွင် ကော့သောင်းနှင့် ဘုတ်ပြင်းမြို့နယ်များ တည်ရှိသည်။
ရွာသူကြီးက မြန်မာပြည်ဘက်သို့ ကထိန်လှူရန် သွားစရာရှိသဖြင့် နယ်စပ်မှ ထွက်ခွင့်ပြုရန် အာဏာပိုင်များကို တောင်းခံစဉ် အာဏာပိုင်များက ထွက်ခွင့်မပြုခဲ့ကြောင်း သိရသည်။
ယင်းအချိန် ရွာသူကြီးနှင့် နယ်စပ်စစ်တပ်က အာဏာပိုင်များကြား စကားများကြပြီးနောက် ရွာသူကြီးက နယ်စပ်ခြားထားသော အတားအဆီးကို ဖြတ်၍ မြန်မာနိုင်ငံအတွင်းသို့ ဝင်သွားခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။
ရွာသူကြီးထွက်ခွာပြီးနောက် ရွာသူကြီးတပည့်ဖြစ်သူမောင်းလာသော ကားတစ်စီး နယ်စပ်ဂိတ်ကို ထပ်မံရောက်ရှိလာပြီး နောက်ထပ် ကားပေါ်က လူ ၁၃ ဦးနှင့်အတူ နယ်စပ်ဂိတ်ကိုဖြတ်၍ မြန်မာနိုင်ငံသို့ ထွက်ခွာသွားခဲ့ဟုဆိုသည်။





ရွာသူကြီးအပါအဝင် ကားပေါ်လိုက်ပါလာသူများအားလုံး “ဘုံကထိန် ၂၅၆၈” ဟု စာတမ်းရိုက်နှိက်ထားသော အင်္ကျီဆင်တူကို ဝတ်ဆင်ထားကြကြောင်း သတင်းအရသိရသည်။
ယင်းနေ့ ညနေ ၂ နာရီခွဲတွင် ကားနှစ်စီးသည် မြန်မာနိုင်ငံဘက်မှ ပြန်လာပြီး နယ်စပ်ဂိတ်ထံသို့ ပြန်လည်ရောက်ရှိလာချိန်တွင် ရွာသူကြီးအပါအဝင် ထိုင်းနိုင်ငံသားများကို အာဏာပိုင်များက တားဆီးစစ်ဆေးခဲ့သည်။
ရွာသူကြီးမောင်းလာသော ကားပေါ်တွင် ၎င်းနှင့်အတူ ထိုင်းနိုင်ငံသား ၈ ဦး လိုက်ပါလာသည်ကို တွေ့ရကြောင်း၊ ရွာသူကြီးတပည့်ဖြစ်သူ မောင်းလာသော ကားပေါ်တွင် မြန်မာနိုင်ငံသား ၃၆ ဦး လိုက်ပါလာသည်ကို တွေ့ရကြောင်း သတင်းတွင်ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများအနက် ၂၁ ဦးမှာ အသက်မပြည့်သေးသော ကလေးငယ်များပါဝင်နေပြီး အားလုံးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများကို မတွေ့ရကြောင်း၊ မြန်မာနိုင်ငံ တနင်္သာရီတိုင်းဘက်ခြမ်းတွင် ကထိန်အလှူလုပ်ပြီး ပြန်လာခြင်းဖြစ်ကြောင်း ရွာသူကြီးက ဖြေကြားသလို ဖုန်းထဲတွင်လည်း အလှူလုပ်ထားသော ဓါတ်ပုံများကို ထုတ်ပြခဲ့ကြောင်း သိရသည်။
ရွာသူကြီးက နယ်စပ်ဖြတ်ကျော်မှုများကို ပုံမှန်လုပ်ဆောင်နေပြီး ကရင်အဖွဲ့နှင့် ထိုင်းအာဏာပိုင်များထံလည်း ခွင့်တောင်းထားပြီးဖြစ်ကြောင်း၊ ခရီးစဉ်တွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ လိုက်ပါလာသည်ကို သူကိုယ်တိုင်မသိရှိကြောင်း အာဏာပိုင်များကို ဖြေကြားသည်။
နိုဝင်ဘာလ ၁ ရက်နေ့က မြန်မာဘက်ခြမ်းရှိ ကရင်ရွာတွင် ကထိန်ပြုလုပ်ရန် တောလမ်းက ထွက်သွားကြပြီး အပြန်တွင် ရွာသူကြီးနောက်ကို ပြန်လိုက်လာခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသော မြန်မာအမျိုးသမီးတစ်ဦးက ဖြေကြားထားသည်။
လက်ရှိတွင် ရွာသူကြီးကို အာဏာပိုင်များကို အော်ဟစ်ဆဲဆိုမှု၊ အာဏာပိုင်များစစ်ဆေးစဉ် နှောက်ယှက်မှု၊ တရားမဝင် နယ်စပ်ထွက်ခွာမှုများဖြင့် အမှုဖွင့်ထားပြီး နောက်ထပ် ထိုင်းနိုင်ငံသားများကိုမူ နိုင်ငံခြားများ တရားမဝင် ဝင်ရောက်လာချိန် ကူညီပေးမှုဖြင့် အမှုဖွင့်ထားကြောင်း ဖော်ပြသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများကိုလည်း ဥပဒေအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
Ref: Thairath, MGR Online, Top News







