BREAKING
November 4, 2025

ထိုင်းတွင် ကားတစ်စီး ဓါတ်တိုင်ဝင်တိုက်ပြီး တိမ်းမှောက်၊ မြန်မာလုပ်သား ငါးဦး ဒဏ်ရာရ

November 4, 2025

ထိုင်းနိုင်ငံ၊ ချာချင်စောင်ခရိုင်တွင် ကားတစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ ဓါတ်တိုင်ဝင်တိုက်ခဲ့ပြီး တိမ်းမှောက်ခဲ့သဖြင့် ကားပေါ်လိုက်ပါလာသည့် ထိုင်းနိုင်ငံသား တစ်ဦး သေဆုံးပြီး မြန်မာအလုပ်သမား ငါးဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

နိုဝင်ဘာလ ၃ ရက် ည ၁၁ နာရီခွဲတွင် ဖနွန်စာရခန်းဒေသရှိ အမြန်လမ်းမကြီးပေါ်တွင် မြန်မာနိုင်ငံသားများ လိုက်ပါလာသော ပစ်ကပ်ကားက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ဓါတ်တိုင်ကို ဝင်တိုက်ပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် ထိုင်းနိုင်ငံသားတစ်ဦးမှာ ကားတိမ်းမှောက်သည့်နေရာတွင် သေဆုံးပြီး မြန်မာနိုင်ငံသား အမျိုးသား လေးဦးနှင့် အမျိုးသမီး တစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း ဖော်ပြသည်။

ဒဏ်ရာရသူများကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးကုသပေးပြီးနောက် နီးစပ်ရာဆေးရုံသို့ အရေးပေါ် ပို့ဆောင် ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ပစ်ကပ်ကားပေါ်တွင် ကားသမားနှင့် မြန်မာအလုပ်သမားများအပါအဝင် ခုနစ်ဦး လိုက်ပါလာပြီး လမ်းပေါ်က ချိုင့်ခွက် များကြောင့် ကားက အရှိန်မထိန်းနိုင်ဘဲ ဓါတ်တိုင်ကို ဝင်တိုက်၍ တိမ်းမှောက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ထားသည်။

လက်ရှိတွင် ကားတိုက်မှုဖြစ်စဉ်ကို အသေးစိတ်သိရှိနိုင်ရန် ရဲတပ်ဖွဲ့က စုံစမ်းမေးမြန်းနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

Ref: CH 3, Khaosod