BREAKING
November 4, 2025

တနင်္သာရီ လေးမိုင်ရွာတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုထပ်ဖြစ်

November 4, 2025

ပုံစာ - တနင်္သာရီမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်။(ပုံဟောင်း) ဓာတ်ပုံ - Dawei Watch

တနင်္သာရီမြို့နယ်၊ လေးမိုင်ရွာတွင် စစ်အာဏာရှင်တပ်က အင်အားဖြည့်တင်း၍ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေး တပ်များနှင့် ထိတွေ့ပစ်ခတ်မှုထပ်မံဖြစ်ပွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

ယနေ့ နိုဝင်ဘာလ ၄ရက် နံနက် ၁၀ နာရီဝန်းကျင်တွင် လေးမိုင်ရွာဝန်းကျင် (ဒေသအခေါ် ကျောက်သင်္ဘောအနီး) တွင် စစ်အာဏာရှင်တပ်က အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“တိုက်ပွဲက စစ်ကြောင်းထိုးလာလို့ အပြန်အလှန်ပစ်ခတ်မှု ခဏငယ် (အချိန်အနည်းငယ်ကြာ) ဖြစ်ပြီး စစ်အာဏာရှင်တပ်သားတွေဘက်က ပြန်ဆုတ်သွားလို့ တိုက်ပွဲနားသွားတယ်” ဟု အထက်ပါ နီးစပ်သူက ပြောဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေကို Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

လေးမိုင်ရွာနှင့် အနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာသဖြင့် အောက်တိုဘာလနှောင်းပိုင်းမှစကာ တော်လှန်ရေးတပ်များနှင့် တိုက်ပွဲများခပ်စိပ်စိပ်ဖြစ်နေပြီး စစ်အာဏာရှင်တပ်ဘက်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ယင်းသို့ တိုက်ပွဲများ ဖြစ်ပွားရာတွင် ဇဝဲကျေးရွာအခြေစိုက် စစ်အာဏာရှင်၏ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက လက်နက်ကြီးပစ်ကူပေးလေ့ရှိပြီး အောက်တိုဘာလ ၂၈ရက်တွင် ဇဝဲ-တကူကျေးရွာလမ်းကို ပိတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“တိုက်ပွဲဖြစ်နေတော့ သူတို့ဘက်ကနေ ဇဝဲ-တကူလမ်းပိုင်းကို ပိတ်ချလိုက်တယ်။ တိုက်ပွဲဖြစ်နေတဲ့ ဧရိယာဝန်းကျင်ကို လက်နက်ကြီးက မကြာမကြာလှမ်းထုတယ်။ ထိခိုက်မှု‌တော့ မရှိဘူး” ဟု ၎င်းက ပြောသည်။

တိုက်ပွဲ မဖြစ်သည့်အချိန်တွင်လည်း ခမရ ၅၅၆တပ်ရင်းက နေ့ဘက်ရော ညဘက်မှာပါ လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိကြောင်း အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။

တိုက်ပွဲများတွင် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိတ်မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း-၂၊ မြိတ်ခရိုင်တပ်ရင်း ၃ နှင့် KNDO တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ကြကြောင်း နိုဝင်ဘာလ ၂ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

နိုဝင်ဘာလ ၂ရက်ကလည်း စစ်အာဏာရှင်တပ်နှင့်တော်လှန်ရေးတပ်များ လေးမိုင်ရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

လေးမိုင်‌ကျေးရွာသည် ဇဝဲ-တကူလမ်းပိုင်းတွင်တည်ရှိပြီး စစ်အာဏာရှင်တပ်နှင့်တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွား နေသည့်အတွက် လေးမိုင်ရွာအပါအဝင် အနီးဝန်းကျင်ရှိ ကျေးရွာလေးရွာမှ ဒေသခံ ၅၀၀ကျော် စစ်ရှောင်နေရသည်မှာ တစ်ပတ်နီးပါးရှိလာပြီဖြစ်သည်။