ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံး၊ စခန်းကြီးရွာကို စစ်အာဏာရှင်တပ် စစ်ကြောင်းဝင်လာ၍ ရွာသားများထွက်ပြေး

November 4, 2025

လောင်းလုံးမြို့နယ်မြောက်ပိုင်းရှိ စခန်းကြီးရွာကို စစ်အာဏာရှင်တပ် စစ်ကြောင်းဝင်ရောက်လာသည့်အတွက် ရွာသားအများစု ထွက်တိမ်းရှောင်နေကြကြောင်း ဒေသခံအချို့ထံမှ သိရသည်။

နိုဝင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၁၀၀ ခန့်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် စိုက်ပျိုးရေးသိပ္ပံကျောင်းဘက်မှ စခန်းကြီးရွာသို့ရောက်လာကြောင်း ဒေသခံအချို့က ဆိုသည်။

ထိုသို့ စစ်အာဏာရှင်တပ်စစ်ကြောင်း ဝင်လာသည့်အတွက် ရွာသူရွာသားအများစုက ထွက်ပြေးတိမ်းရှောင်နေကြပြီး အချို့သာနေအိမ်တွင်ကျန်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

“သန်းခေါင်စာရင်းကောက်တဲ့ပုံစံလား မသိဘူး။ အိမ်မှာရှိတဲ့သူတွေကိုခေါ်ထုတ်ပြီး စာရွက်နဲ့မှတ်တယ်။ ဓါတ်ပုံလည်းရိုက်တယ်” ဟု မတိမ်းရှောင်ဘဲ ရွာတွင်ကျန်ခဲ့သည့် ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်သားများက စခန်းကြီးရွာ အနောက်ကျောင်းဟုခေါ်သည့် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ရွာပတ်ဝန်းကျင်တွင် ကင်းပုန်းများချထားကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ နေ့လယ်ပိုင်း မေးမြန်းချက်အရ အဆိုပါစစ်အာဏာရှင်တပ်စစ်ကြောင်းက ဘုန်းကြီးကျောင်းတွင်ပင် တပ်စွဲထားဆဲဖြစ်ကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

” ဘုန်းကြီးကျောင်းနားက အိမ်တွေလောက်ပဲစာရင်းကောက်တယ်”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသလို ဖမ်းဆီးခံရသည့်ဒေသခံလည်းမရှိသေးကြောင်း ၎င်းတို့ထံမှ သိရသည်။

မောင်းမကန်ရွာ၏ အရှေ့ဘက်တည့်တည့်တွင် တည်ရှိသည့် စခန်းကြီးရွာနှင့် အနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က မကြာခဏစစ်ကြောင်းထိုးလေ့ရှိသည်။