BREAKING
November 4, 2025

အီရန်မြို့တော်တွင် နှစ်ပတ်အတွင်း ရေချို ခန်းခြောက်နိုင်

November 4, 2025

ပုံစာ - တီဟီရန်မြို့ကို သောက်သုံးရေ ပေးဝေနေသည့် Amir Kabir ဆည်ကို ယခုနှစ် ဇူလိုင်လက တွေ့ရစဉ်။ ဓာတ်ပုံ - Fatemeh Bahrami/Anadolu via AFP

အီရန်နိုင်ငံ၏ မြို့တော် တီဟီရန်မြို့တွင် မြို့ခံများအတွက် အဓိကသောက်သုံးရေအရင်းအမြစ်ဖြစ်သည့် ဆည်ကြီးတစ်ခု သည် အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုကြောင့် နှစ်ပတ်အတွင်း ခန်းခြောက်သွားနိုင်သည့် အန္တရာယ်ရှိကြောင်း အီရန်အစိုးရပိုင် မီဒီယာများက ဖော်ပြသည်။

မြို့တော် တီဟီရန်အတွက် သောက်သုံးရေ ဖြန့်ဝေပေးနေသည့် ဆည်ကြီးငါးခုအနက်မှ တစ်ခုဖြစ်သည့် Amir Kabir ဆည်ကြီးသည် ရေချို ကုဗမီတာ ၁၄ သန်းသာ သိုလှောင်ထားနိုင်တော့ကြောင်း IRNA သတင်းဌာနက နိုဝင်ဘာလ ၂ ရက်က ဖော်ပြသည်။

ယင်းရေပမာဏသည် ဆည်ကြီးက သိုလှောင်ထားနိုင်သည့် စုစုပေါင်းရေထုပမာဏ၏ ၈ ရာခိုင်နှုန်းသာရှိပြီး တီဟီရန်မြို့ကို နောက်ထပ်နှစ်ပတ်သာ ရေဆက်လက်ပေးဝေနိုင်တော့မည်ဟုလည်း ဖော်ပြသည်။

ယင်းမှာ ဆယ်စုနှစ်များစွာအတွင်း အီရန်၏ အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုနှင့် ကြုံတွေ့နေရချိန်တွင် ပေါ်ထွက်လာသည့် အခြင်းအရာတစ်ခု ဖြစ်သည်။

တီဟီရန်ပြည်နယ်၏ မိုးရေချိန်သည် ရာစုနှစ်တစ်ခုစာအတွင်း မကြုံစဖူးလောက်အောင် နည်းပါးသည့် မိုးရေချိန်ကို ရောက်နေကြောင်း ဒေသခံအရာရှိတစ်ဦးက ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က Amir Kabir ဆည်တွင် ရေချိုပမာဏ ကုဗမီတာ ၈၆ သန်းကို သိုလှောင်ထားနိုင်ခဲ့သော်လည်း တီဟီရန်ဒေသ၏ မိုးရေချိန်မှာ ၁၀၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။

အီရန်မီဒီယာများ၏ ဖော်ပြချက်အရ လူဦးရေ ၁၀ သန်းကျော်ရှိသည့် တီဟီရန်မြို့၏ လူဦးရေသည် တစ်ရက်လျှင် ကုဗမီတာ သုံးသန်းခန့် ရေချိုပမာဏကို သုံးစွဲလျက် ရှိသည်။

ရေချွေတာသည့်အနေဖြင့် မကြာသေးမီရက်များအတွင်း မြို့တော်ရှိ ရပ်ကွက်အများအပြားတွင် ရေဖြတ်တောက်မှုများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

ရေချိုရှားပါးမှုသည် အီရန်နိုင်ငံတဝှမ်းနှင့် အထူးသဖြင့် နိုင်ငံ့တောင်ပိုင်းရှိ ခြောက်သွေ့သော ပြည်နယ်များ၌ အဓိက ပြဿနာကြီးတစ်ရပ် ဖြစ်သည်။

ရေချိုရှားပါးမှုသည် အာဏာပိုင်များ၏ စီမံခန့်ခွဲမှုအားနည်းခြင်း၊ မြေအောက်သယံဇာတများ အလွန်အကျွံ ထုတ်ယူသုံးစွဲမှု အပြင် ရာသီဥတုဖောက်ပြန်မှု၏ သက်ရောက်မှုကြီးထွားလာခြင်းတို့ကြောင့်ဖြစ်နိုင်ကြောင်း အပြစ်တင်ပြောဆိုမှုများ ရှိသည်။

Source: Al Jazeera