ထားဝယ်မြို့တွင် ယခုနှစ် ကထိန်ခင်းသူများ၍ ပဒေသာပင်များ အရောင်းသွယ်လျက်ရှိပြီး ကထိန်အလှူဖိတ်စာရိုက်သူ လည်း များလာကြောင်း ကထိန်ပဒေသာပင် ပြုလုပ်သူအချို့နှင့် ဖိတ်စာရိုက်လုပ်ငန်းလုပ်သူအချို့ထံမှ သိရသည်။
ငွေစက္ကူကပ် အလှပုံဖော်ပြုလုပ်ထားသော ကထိန်ပဒေသာပင်များ အရောင်းသွက်နေကြောင်း ကထိန်ပဒေသာပင် ပြုလုပ် ရောင်းချသူအချို့က ပြောသည်။
အလှပုံဖော် ကထိန်ပဒေသာပင်ကို သစ်သား၊ ဖော့၊ ဝါးနှင့် ရောင်စုံစက္ကူများကို အသုံးပြု၍ ကော်နှင့်ကပ်ကာ ဒေါင်းနှင့် စေတီပုံများ ပုံဖော်ထုတ်လုပ်ခဲ့ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် ကထိန်ရာသီအကြိုဖြစ်သည့် ယခုလိုအချိန်တွင် ကထိန်ပဒေသာပင် မှာယူသူနည်း၍ ကထိန်ပဒေသာပင် ထုတ်လုပ်မှု မရှိသလောက်နည်းပါးခဲ့ကြောင်း ကထိန်ပဒေသာပင်ပြုလုပ်သူ ထားဝယ်မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။
ယခုနှစ် ကထိန်အကြိုကာလာ၌ပင် မှာယူမှု သိသိသာသာများလာပြီး ကထိန်ပဒေသာပင် အခုလေးဆယ်အထိ ထုတ်လုပ် ရောင်းချခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“အခုနှစ် အမှာအများဆုံးက စေတီပုံ ပဒေသာပင် အမှာများတယ်။ မနှစ်က ဒီအချိန်ဆို မလုပ်ရသလောက်ပဲ။ အခုက သင်္ကန်းတိုက်တွေကိုလည်း ပို့ရတယ်။ ကိုယ်တိုင်လာမှာသူတွေလည်း များတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။
စေတီပုံနှင့် ဒေါင်းပုံ ပဒေသာပင်တစ်ခုကို လက်ကားဈေးနှုန်း ၄၅၀၀၀ ကျပ်ဖြင့် ထုတ်လုပ်ရောင်းချပေးလျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။
ထားဝယ်ဒေသတွင် ယခုနှစ် ကထိန်အလှူ ယမန်နှစ်ထက် ပိုမိုများပြားကြောင်း ဖိတ်စာလုပ်ငန်းလုပ်သူအချို့ထံမှ စုံစမ်း သိရှိရသည်။
အာဏာသိမ်းသည့် ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်တို့တွင် ကထိန်အလှူအတန်းများ မရှိသလောက် ဖြစ်သွားသော်လည်း ၂၀၂၃ ခုနှစ် တွင် ကထိန်အလှူ များပြားလာကြောင်း ထားဝယ်မြို့ရှိ ဖိတ်စာရိုက်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ကထိန်အလှူဖိတ်စာရိုက်ရတာ ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်က အများဆုံးပဲ၊ မနှစ်ကတော့ နည်းနည်းလျော့သွားတယ်။ အခု ဒီနှစ်ကျတော့ မနှစ်ကထက် နှစ်ဆကျော် သုံးဆနီးပါးလောက် ပိုပြီး ပြန်ရိုက်ရတယ်” ဟု ၎င်းက ပြောသည်။
ယခုနှစ်တွင် ကထိန်အလှူများကို မလုပ်ရန် တားမြစ်မှု မရှိသဖြင့် ပိုမိုလုပ်ဆောင်လာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။