ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဂျပန်တွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ပေါ်ပေါက်လာဖွယ်ရှိ

October 4, 2025

ပုံစာ - ဂျပန်နိုင်ငံတွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာမည်ဟု ထင်ကြေးပေးခံရသည့် ဆနအဲ တကအဲချိ။ ဓာတ်ပုံ - Reuters

ဂျပန်နိုင်ငံတွင် လက်ရှိအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP) က စီးပွားရေးလုံခြုံမှုဆိုင်ရာ ဝန်ကြီးဟောင်း ဆနအဲတကအိချိအား ပါတီခေါင်းဆောင်သစ်အဖြစ် ယနေ့ အောက်တိုဘာလ ၄ ရက်နေ့တွင် ရွေးချယ်လိုက်သည်။

ကွန်ဆာဗေးတစ်ဝါဒီ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP) ၏ ပထမဆုံး ပါတီခေါင်းဆောင် အမျိုးသမီးတစ်ဦး ပေါ်ထွက်လာခြင်း ဖြစ်သည်။

ယင်းကြောင့် အသက် ၆၄ နှစ်ရှိ ဆနအဲတကအိချိသည် ကျားမတန်းတူညီမျှမှု နိမ့်ပါးသည့် ဂျပန်နိုင်ငံတွင် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာနိုင်ဖွယ်ရှိသည်။

ဆနအဲ တကအိချိသည် တရုတ်အပေါ် သဘောထားတင်းမာပြီး ရှေးရိုးစွဲကွန်ဆာဗေးတစ်ဝါဒီတစ်ဦး ဖြစ်သည်။

သူမသည် အမျိုးသားများ လွှမ်းမိုးထားသည့် အာဏာရ LDP ပါတီအတွင်း ကွန်ဆာဗေးတစ်ဝါဒီအဆန်ဆုံး ပါတီဝင်များထဲမှ တစ်ဦး ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာအား လေးစားသည့် တာကအိချိသည် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ လမ်းညွှန်မှုအောက်တွင် နေလာခဲ့သူ ဖြစ်သည်။

သူမသည် ရှင်ဇိုအာဘေး၏ အစွန်းရောက် ကွန်ဆာဗေးတစ်အမြင်များဖြင့် ပျိုးထောင်ခံလာရသူ ဖြစ်ကြောင်း NPR သတင်းဌာနက ဖော်ပြသည်။

ဆနအဲတကအဲချိသည် ဂျပန်စစ်ဝါဒ၏ သင်္ကေတအဖြစ် ရှုမြင်ခံရသည့် ယာဆုကူနိနတ်ကွန်းသို့ ပုံမှန်သွားရောက်လည်ပတ်လေ့ရှိသူ ဖြစ်သည်။

ယင်းအချက်ကြောင့် သူမ ဝန်ကြီးချုပ်ဖြစ်လာလျှင် ဂျပန်နှင့် အာရှအိမ်နီးချင်းနိုင်ငံများအကြား ဆက်ဆံရေးကို တင်းမာရှုပ်ထွေးစေနိုင်ကြောင်း ထင်ကြေးပေးမှုများ ရှိသည်။

ယနေ့ စနေနေ့က ပါတီတွင်း ဒုတိယအကြိမ် မဲခွဲဆုံးဖြတ်မှုတွင် ဆနအဲတာကအိချိသည် ဂျပန်ဝန်ကြီးချုပ်ဟောင်း ဂျူနိချိရိုကိုအိဇူမိ၏ သားဖြစ်သူ လက်ရှိ စိုက်ပျိုးရေးဝန်ကြီး ရှင်ဂျီရိုကိုအိဇူမိအား ကျော်ဖြတ်ကာ ပါတီခေါင်းဆောင် ဖြစ်လာခဲ့သည်။

ဂျပန်နိုင်ငံကို ဆယ်စုနှစ်များစွာ အုပ်ချုပ်လာခဲ့သည့် လက်ရှိအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီသည် မကြသေးမီက ရွေးကောက်ပွဲရှုံးနိမ့်မှု ရလဒ်များနှင့် ရင်ဆိုင်ခဲ့ရပြီး အာဏာဆက်ရှိနေရန် လုံးပမ်းလျက် ရှိသည်။

ဝန်ကြီးချုပ်ကို ရွေးချယ်ရသည့် ဂျပန်အောက်လွှတ်တော်အတွင်း အတိုက်အခံပါတီများက မညီညွတ်ဘဲ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက အင်အားအကြီးဆုံး ဖြစ်နေဆဲ ဖြစ်၍ တာကအိချိသည် ဂျပန်ဝန်ကြီးချုပ်သစ် ဖြစ်လာဖွယ်ရှိနေသည်။

Source: NPR