ထိုင်ဝမ်ကို တရုတ်က ကျူးကျော်မှုကို ဟန့်တားရန် ဥပဒေကြမ်းတစ်ခု တင်သွင်းမည်ဟု အမေရိကန်အထက်လွှတ်တော်ဆီးနိတ်နိုင်ငံခြားဆက်ဆံရေးကော်မတီ၏ ဥက္ကဋ္ဌဖြစ်သူ Jim Risch က ထုတ်ဖော်ပြောဆိုလိုက်သည်။
အဆိုပါ ဥပဒေအရ ယင်းသို့ ကျူးကျော်မှုပေါ်ပေါက်လျှင် တရုတ်၏ စီးပွားရေးပစ်မှတ်များကို အမေရိကန်က အလျှင်အမြန် အရေးယူပိတ်ဆို့နိုင်မည်ဟု ၎င်းက ဆိုသည်။
အဆိုပါ ဥပဒေကြမ်းကို “ထိုင်ဝမ်အပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကျူးကျော်မှုကို ဟန့်တားမည့် အက်ဥပဒေ (Deter PRC Aggression Against Taiwan Act)” ဟု အမည်ပေးထားသည်။
တရုတ်က ထိုင်ဝမ်ကို ကျူးကျော်လျှင် တရုတ်စစ်ဘက်နှင့် သက်ဆိုင်သော ပစ်မှတ်များနှင့် တရုတ်စစ်ဘက်နှင့် မသက်ဆိုင်သော ပစ်မှတ်များကိုပါ အဆိုပါ အက်ဥပဒေအရ အရေးယူပိတ်ဆို့သွားမည်ဟု အိုင်ဒါဟိုပြည်နယ်မှ ရီပတ်ဘလင်ကန် အမတ်ဖြစ်သူ Jim Risch က ပြောသည်။
အမေရိကန်အနေဖြင့် တရုတ်ပို့ကုန်ထိန်းချုပ်မှုနှင့်အခြားစီးပွားရေးအရ အရေးယူဆောင်ရွက်မှုများကို အဆိုပါ အက်ဥပဒေအရ လုပ်ဆောင်သွားမည်ဟု ၎င်းက ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပူးတွဲဦးဆောင်သည့် အထူးလုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ဖန်တီးကာ အဆိုပါ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်သည့် ရုရှားကို အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက အရေးယူပိတ်ဆို့မှုလုပ်ဆောင်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို သင်ခန်းစာယူကာ တရုတ်ကို သေချာပေါက်အထိနာစေရန် ယင်းဥပဒေကြမ်းက ဆောင်ရွက်ပေးလိမ့်မည်ဟုလည်း Jim Risch ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဥပဒေကြမ်းကို တနင်္လာနေ့တွင် တင်သွားရန် စီစဉ်ထားကြောင်း ၎င်း၏ လက်ထောက်တစ်ဦးက ဆိုသည်။
ယခုလအတွင်း ပေါ်ပေါက်လာဖွယ်ရှိသည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့၏ တွေ့ဆုံပွဲမတိုင်မီ အဆိုပါ ဥပဒေကြမ်းနှင့် ဆက်စပ်သည့် သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။
စီးပွားရေးအရရော ပထဝီနိုင်ငံရေးအရပါ အမေရိကန်၏ အကြီးမားဆုံး ပြိုင်ဘက်ဖြစ်သည့် တရုတ်နှင့် အဓိကကုန်သွယ်ရေးသဘောတူညီချက်တစ်ခု ရရှိရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြိုးပမ်းလျက်ရှိသည်။
ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်သည့် ထိုင်ဝမ်ကျွန်းကို တရုတ်က ၎င်းတို့ပိုင်နက်အဖြစ် အခိုင်အမာ ပြောဆိုလျက်ရှိသည်။
ထိုင်ဝမ်ကို သိမ်းပိုက်ရန် စစ်ရေးအင်အားအသုံးပြုမည့် အလားအလာကို တရုတ်က စွန့်လွှတ်ခြင်း မရှိပေ။
အမေရိကန်သည် ထိုင်ဝမ်၏ နိုင်ငံခြားအဓိက ကျောထောက်နောက်ခံနိုင်ငံ ဖြစ်သည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ယခင်အမေရိကန်သမ္မတများကဲ့သို့ ထိုင်ဝမ်၏ ကာကွယ်ရေးအပေါ် အာရုံမစိုက်ဘဲ ကုန်သွယ်ရေးသဘောတူညီချက်ရရှိရန် ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ်ကို အမေရိကန်က အလျှော့ပေးလိုက်မည်ကို နိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူများနှင့် ထိုင်ဝမ်ပြည်သူများက စိုးရိမ်လျက်ရှိကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
Source: Reuters