ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးဖိုက်တာကြီး အောင်လအန်ဆန်းကို ONE က Hall of Fame မှာ ထည့်သွင်းဂုဏ်ပြုလိုက်ပါပြီ။
ကာဒီစတမ်ကို အလဲထိုးနဲ့ အနိုင်ယူပြလိုက်အပြီးမှာ အောင်လအန်ဆန်းကို ဘောနပ်စ်ဆု အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ချီးမြှင့်ပေးအပ်ကြောင်း ကြေညာပြီးတဲ့နောက် Hall of Fame ဂုဏ်ပြုဖိုက်တာစာရင်းမှာပဲ အောင်လအန်ဆန်း ပါဝင်သွားခဲ့ပြီဖြစ်ကြောင်း ဆက်လက် ကြေညာသွားခဲ့တာပဲဖြစ်ပါတယ်။
ONE Championship ရဲ့ Hall of Fame ဆိုတာက ONE Championship ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာ အထူးချွန်ဆုံးနဲ့ ဂန္ထဝင်အဆင့်လို့ သတ်မှတ်လိုက်တဲ့ ဖိုက်တာတွေနဲ့ အဖွဲ့အစည်းအပေါ် အကျိုးပြုသူတွေကို ဂုဏ်ပြုတဲ့ အမြင့်ဆုံးဆုဖြစ်ပါတယ်။





ONE Championship အတွက် ကာလရှည်ကြာ ပြိုင်ပွဲတွေ တစိုက်မတ်မတ် ယှဉ်ပြိုင်ပေးခဲ့ပြီး ပြိုင်ပွဲစည်းမျဉ်းတွေ၊ ကစားပုံစံတွေကို တဆစ်ချိုးပြောင်းလဲပေးနိုင်ခဲ့တဲ့ သမိုင်းဝင် အောင်မြင်မှုတွေကို မှတ်တမ်းတင်ထားဖို့အတွက် Hall of Fame ဆုကို ချီးမြှင့်တာဖြစ်တယ်လို့ ONE က သတင်းထုတ်ပြန်ထားပါတယ်။
အားကစားသမားတွေရဲ့ ရဲစွမ်းသတ္တိ၊ စွမ်းဆောင်ရည်နဲ့ အားထုတ်မှုတွေကို အသိအမှတ်ပြုပြီး ဒီအမြင့်ဆုံး ဂုဏ်ပြုဆု ပေးအပ်တာဖြစ်တယ်လို့လည်း ONE က ဆုချီးမြှင့်မှုနဲ့ပတ်သက်လို့ ရှင်းပြခဲ့ဖူးပါတယ်။
လက်ရှိအချိန်မှာ အောင်လအန်ဆန်း အပါအဝင် ONE ရဲ့ Hall of Fame ဆုနဲ့ ဂုဏ်ပြုခံရတဲ့ဖိုက်တာဆိုလို့ သမိုင်းကြောင်းတလျှောက်မှာ ၃ ယောက်တည်းသာ ရှိပါသေးတယ်။






