အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာရန် ဆန္ဒရှိကြောင်း အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့ နှစ်ဘက်စလုံးက ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်ကြောင်း CNN သတင်းတစ်ရပ်က ဆိုသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဂါဇာငြိမ်းချမ်းရေးအစီအစဉ် ပထမအဆင့်အတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း အစ္စရေးအစိုးရနှင့် စစ်တပ်က ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက်အစောပိုင်းတွင် ထုတ်ပြန်လိုက်သည်။
အလားတူ ထုတ်ပြန်ချက်ကို ဟားမတ်စ်အဖွဲ့ကလည်း ထုတ်ပြန်ခဲ့ပြီးနောက် အစ္စရေးဘက်ကပါ ထုတ်ပြန်လာခြင်း ဖြစ်သည်။
ယင်းမှာ ဂါဇာစစ်ပွဲအဆုံးသတ်ရေး လပေါင်းများစွာ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ရာမှ အောင်မြင်မှုရရန် အလားအလာကောင်းတစ်ခု ဖြစ်ကြော်း CNN သတင်းဌာနက ဖော်ပြသည်။
ထရမ့်၏ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်အရ ဓားစာခံအားလုံးကို ပြန်လွှတ်ပေးပြီး အစ္စရေးနှင့် ဆွေးနွေးမှုများ ချက်ချင်း စတင်ရန် သဘောတူကြောင်း ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
သို့သော် ထရမ့်၏ အဆိုပြုချက်များအားလုံးကို ချွင်းချက်မရှိ လက်ခံကြောင်းရှိမရှိ ဟားမတ်စ်အဖွဲ့က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
“ဟားမတ်စ်ဘက်က တုံ့ပြန်မှုအရ အစ္စရေးဘက်ကလည်း ဓားစာခံအားလုံး ချက်ချင်းပြန်လွှတ်ပေးရေး ထရမ့်ရဲ့ အစီအစဉ် ပထမအဆင့်ကို အကောင်အထည်ဖော်ဖို့ ချက်ချင်း ပြင်ဆင်နေပါပြီ” ဟု အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ညာဟု၏ ရုံးက ထုတ်ပြန်ထားသည်။
ဟားမတ်စ်အဖွဲ့အနေဖြင့် ၎င်း၏ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို တနင်္ဂနွေနေ့မတိုင်မီ လက်ခံရမည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နောက်ဆုံးသတ်မှတ်ရက် ပေးထားသည်။
တနင်္ဂနွေနေ့မတိုင်မီတွင် ဟားမတ်စ်နှင့် အစ္စရေးနှစ်ဘက်စလုံးမှ အဆိုပါ ထုတ်ပြန်ချက်များ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
အစ္စရေးစစ်တပ်အနေဖြင့် ဂါဇာမြို့ကို သိမ်းပိုက်ရန် ၎င်းတို့၏ ခဲရာခဲဆစ် ထိုးစစ်ကို ရပ်နားမည်ဖြစ်ကြောင်းလည်း CNN သတင်းတစ်ရပ်တွင် ဖော်ပြသည်။
အဆိုပါ ထိုးစစ်ကြောင့် ပါလက်စတိုင်း အမြောက်အများ အတင်းအကျပ် နေရပ်စွန့်ခွာခဲ့ရပြီး အစ္စရေးအပေါ် နိုင်ငံတကာအသိုက်အဝန်းက ပြင်းပြင်းထန်ထန် ဆန့်ကျင်ဝေဖန်မှု ပေါ်ထွက်လာခဲ့သည်။
လက်ရှိတွင် အစ္စရေးစစ်တပ်အနေဖြင့် ဂါဇာကမ်းမြှောင်ဒေသတွင် ခံစစ်ကိုသာ ပြောင်းလဲကျင့်သုံး သွားတော့မည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် အစ္စရေးအဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြသည်။
သို့သော် ဂါဇာမြို့ ကို ထိုးစစ်ဆင်နေမှုကို မည်သည့်အချိန်တွင် အပြည့်အဝ ရပ်စဲမည် ၊ ခံစစ်အဆင့်ကို မည်သည့်အချိန်တွင် ပြောင်းလဲမည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။
Source: CNN







