BREAKING
October 18, 2025

ရေဖြူ၊ ဧကနိရွာတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး နေအိမ် ၁၂ ဆောင်မီးရှို့ခံရ

October 4, 2025

ပုံစာ - မီးရှို့ခံလိုက်ရသည့် ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားလှယ်လောင်းနေအိမ်။

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ဧကနိကျေးရွာတွင် တော်လှန်ရေးပူပေါင်းတပ်နှင့် စစ်အာဏာရှင်တပ်များအကြား နှစ်ရက်တာတိုက်ပွဲမှာ ပြင်းထန်ခဲ့သလို နှစ်ဖက်ထိခိုက်သေဆုံးမှုရှိပြီး နေအိမ် ၁၂ ဆောင် မီးရှို့ခံလိုက်ရကြောင်း သိရသည်။

ရေဖြူမြို့ဘက်မှ စက်တင်ဘာလ ၂၇ ရက်နေ့ကစပြီး ပုဂေါဇွန်း၊ ဝက်ချောင်း၊ခမောင်းချောင်း၊ ရွာလမ်းအတိုင်း စစ်ကြောင်းထိုးလာသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် ဧကနိကျေးရွာအတွင်း ရောက်ရှိလာချိန် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းကစပြီး တော်လှန်ရေး ပူး‌ပေါင်းတပ်ဖွဲ့များနှင့် နှစ်ဘက်တိုက်ပွဲဖြစ်ရာ အောက်တိုဘာလ ၁ ရက် နေ့လယ်ပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

နှစ်ဖက်တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ရဲဘော်တစ်ဦးသေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း၊ စစ်အာဏာရှင်တပ်ဘက်မှ ဆယ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်နှင့်နီးစပ်သည့် ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“သူတို့အလောင်းတွေအပြင်မှ လေးလောင်းလောက်တွေ့တယ် အိမ်တွေနဲ့အတူမီးရှို့ထားတာကလည်း ခြောက်လောင်းလောက်ရှိမယ်”ဟု ၎င်းကပြောသည်။

စစ်အာဏာရှင်တပ်သားများ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍မူ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယင်းအပြင်တိုက်ပွဲနှစ်ရက်တာ ကာလအတွင်းစစ်အာဏာရှင်တပ်မှ ဧကနိကျေးရွာအတွင်းရှိ နေအိမ် ၁၂ ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

မီးရှို့ခံရသည့်နေအိမ်များထဲတွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော်၊ ရေဖြူမြို့နယ် မဲဆန္ဒနယ်(အမှတ်၁)မှဝင်ပြိုင်ခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးနိုင်ဦး၏ နေအိမ်တစ်ဆောင်လည်း ပါဝင်ခဲ့ကြောင်းသိရသည်။

အင်အား၁၀၀ခန့်ရှိသည့် စစ်အာဏာရှင်စစ်ကြောင်းသည် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီးနောက် ပြန်လည်ဆုတ်ခွာသွားရာ အောက်တိုဘာလ ၃ ရက်နေ့ နေ့လယ်ပိုင်းတွင် ခမောင်းချောင်း ကျေးရွာ၏အနောက်တောင်ဘက်တွင် တော်လှန်ရေးပူးပေါင်းတပ်တို့နှင့် နာရီဝက်ခန့်အကြာတိုက်ပွဲ ထပ်ဖြစ်ခဲ့ကြောင်း ဒေသခံအချို့ထံမှသိရသည်။

ထိုနောက် ယင်းစစ်ကြောင်းသည် ယမန်နေ့ ညနေပိုင်းမှစ၍ ရေဖြူမြို့အနီးရှိ အမှတ် ၄၀၆ စစ်အာဏာရှင်တပ်ရင်းသို့ ပြန်လည်ဆုတ်ခွာ ဝင်ရောက်သွားသည်ဟုဆိုသည်။

စက်တင်ဘာလ ၂၈ ရက်နေ့က စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားသည့် ပုဂေါဇွန်းရွာသားအမျိုးသားတစ်ဦးကိုလည်း ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။