ထိုင်းနိုင်ငံရှိ ttb ဘဏ် (TMBThanachart Bank) က မြန်မာနိုင်ငံသားများ၏ Mobile Banking အကောင့်များကို လာမည့် စက်တင်ဘာလ ၉ ရက်နေ့မှစ၍ နေ့စဉ်အသုံးပြုငွေ ဘတ် ၅၀၀၀ အထိသာ ခွင့်ပြုတော့မည်ဟု အကြောင်းကြားထားကြောင်း ttb ဘဏ်သုံးစွဲသူ မြန်မာနိုင်ငံသားများထံမှ သိရသည်။
လာမည့် စက်တင်ဘာလ ၉ ရက်နေ့မှစ၍ ဖုန်းမှတစ်ဆင့် ငွေလွှဲ၊ ငွေထုတ်၊ ငွေပေးချေမှုအားလုံးကို တစ်နေ့ ဘတ် ၅၀၀၀ အထိသာ ခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း ttb ဘဏ်က စက်တက်ဘာလ ၂ ရက်နေ့က Mobile Banking Application မှတစ်ဆင့် အကြောင်းကြားစာ ပေးပို့ထားကြောင်း မြန်မာနိုင်ငံသားများထံမှ သိရသည်။
ထို့ကြောင့် ttb ဘဏ်အသုံးပြုသော မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံထဲတွင် ဖုန်းမှတစ်ဆင့် ဘဏ်အချင်းချင်း ငွေလွှဲပြောင်းသည်ဖြစ်စေ၊ ငွေပေးချေသည်ဖြစ်စေ၊ ဖုန်းဖြင့် ATM စက်များတွင် ငွေထုတ်သည်ဖြစ်စေ တစ်နေ့လျှင် အများဆုံး ဘတ် ၅၀၀၀ သာ ရရှိတော့မည်ဖြစ်သည်။
“(စက်တင်ဘာ) ၉ ရက်နေ့ကစပြီး တစ်နေ့ ၅၀၀၀ ပဲလွှဲလို့ရပါတော့မယ်။ ပုံမှန်ဆိုရင်တော့ လောက်ပါတယ်။ ၅၀၀၀ ထက်ပိုမယ့် ငွေလွှဲကတော့နည်းနည်း ကသီမှာပေါ့။ အိမ်ခန်းခတို့၊ အိမ်ကို ငွေလွှဲပို့တာတို့ဆို တစ်ခါတည်း လွှဲလို့မရတော့ဘူးဆိုမျိုးဖြစ်သွားမှာ” ဟု ttb ဘဏ်ကို သုံးစွဲနေသော မြန်မာနိုင်ငံသားတစ်ဦးက ဆိုသည်။
ttb ဘဏ်သည် မြန်မာနိုင်ငံသားများကြား လူသိနည်းသော ဘဏ်တစ်ခုဖြစ်ပြီး လက်ရှိတွင် ttb ဘဏ်တစ်ခုတည်းက ကန့်သတ်ချက်အသစ်များကို ပေးပို့ထားခြင်းဖြစ်ကြောင်း သိရသည်။
အကယ်၍ နေ့စဉ်အသုံပြုငွေ ဘတ် ၅၀၀၀ ထက်တိုးမြင့်လိုပါက နိုင်ငံကူးလက်မှတ်၊ အလုပ်လုပ်ခွင့်လက်မှတ် (သို့မဟုတ်) ဗီဇာအထောက်အထား၊ အိမ်စာချုပ်၊ ဘဏ်စာအုပ်၊ ATM ကတ်၊ ဖုန်းအက်ပလီကေးရှင်းနှင့် လစာဝင်ငွေအထောက်အထားများကို ယူဆောင်၍ ဘဏ်သို့သွားရောက်ပြုလုပ်နိုင်သည်ဟု ဘဏ်ဘက်က ပြောဆိုကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူက ပြောသည်။
ttb ဘဏ်က ပေးပို့သောစာအရ နိုင်ငံခြားသား သုံးစွဲသူများအား ကန်သတ်ချက်တိုးမြှင့်ကြောင်း ရေးသားထားပြီး အခြားနိုင်ငံသားများအား ကန့်သတ်ချက်များ ပေးပို့အကြောင်းကြားခြင်းရှိမရှိကိုမူ မသိရသေးပေ။
အခြား ဘန်ကောက်ဘဏ်၊ ကရူထိုင်းဘဏ်၊ SCB ဘဏ်၊ ကစီကွန်ဘဏ်တို့ကဲ့သို့ မြန်မာနိုင်ငံသားများ အသုံးများသော ဘဏ်များမူ ယခင်အတိုင်း ဘတ် ၄၉၉၉၉ အထိ နေ့စဉ်အသုံးပြုနိုင်ဦးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသားများထံမှ သိရသည်။
သို့သော်လည်း ဘန်ကောက်ဘဏ်က မြန်မာအပါအဝင် နိုင်ငံခြားသားများ၏ ဘဏ်အကောင့်များကို ယာယီဆိုင်းငံ့နေသလို ttb ဘဏ်ကလည်း Mobile Banking နေ့စဉ်အသုံးပြုငွေ ကန့်သတ်လိုက်သဖြင့် အခြားထိုင်းဘဏ်သုံးစွဲသူများပါ စိုးရိမ်မှု မြင့်တက်နေသည်။







