ထားဝယ်မြို့ပေါ်တွင် ဘာသာရေးထုံးတမ်းအစဉ်လာအရ တော်သလင်းလပြည့်တွင် သစ်သီးဆွမ်း အပါအဝင် ဆွမ်းတော်ကြီး တင်လှူပူဇော်ပွဲကျင်းပလေ့ရှိပြီး လက်ရှိတွင် သစ်သီးများ ပြတ်လပ်နေကြောင်း ထားဝယ်မြို့ရှိ သစ်သီးအရောင်းဆိုင်များနှင့် မြို့ခံများထံမှသိရသည်။
ထားဝယ်မြို့ပေါ်ရှိ သစ်သီးရောင်းသည့်ဆိုင်ကြီး ခြောက်ဆိုင်ထက်မနည်းရှိပြီး ဆိုင်အားလုံးနီးပါးတွင် သစ်သီး အမျိုးအစား အားလုံးနီးပါး ပြတ်လပ်လျက်ရှိကြောင်း ထားဝယ်မြို့ ပေါ်ရှိ သစ်သီးဈေးကွက်ထံမှ စုံစမ်းသိရသည်။
ထားဝယ်ဒေသ၏ ရပ်ကွက်နှင့် ကျေးရွာအချို့တွင်ရှိသော ထင်ရှားသည့် ဘုရားစေတီများနှင့် ဘုန်းတော်ကြီးကျောင်းများ၌ တော်သလင်းလဆန်း (၁၄) ရက် ညနေပိုင်းနှင့် လပြည့်နေ့တို့တွင် သစ်သီး၊ မုန့်၊ ခဲဖွယ်များဖြင့် နှစ်စဉ်နှစ်တိုင်း ဆွမ်းတော်ကြီးတင်လှူပူဇော်ပွဲ ကျင်းပလေ့ရှိကြသည်။
ထို့ကြောင့် လပြည့်နေ့မတိုင်မီ လဆန်း ၁၃ ရက်၊ ၁၄ ရက်များတွင် ဆွမ်းတော်ကြီးတင်လှူရန် သစ်သီးအရောင်းရဆုံး ရက်များဖြစ်၍ ယခုနှစ်ထိုရက်တွင်မူ ရောင်းရန် သစ်သီးမရှိကြောင်း ထားဝယ်မြို့ပေါ်ရှိ သစ်သီးဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။
“ဒီနေ့၊ ဒီရက်တွေက သစ်သီးအရောင်းရဆုံးရက်တွေလေ။ အခုက ထားဝယ် နဂါးမောက်သီးနဲ့ ထားဝယ်ကျွဲကောပဲ ရောင်းစရာရှိတယ်။ ရောင်းရတဲ့ အချိန်မရောင်းရတော့ပဲ ထိုင်နေရတော့လည်း စိတ်ထဲတော့ သိပ်မကောင်းဘူးပေါ့” ဟု ၎င်းက ပြောဆိုသည်။
ထားဝယ်မြို့သို့ သစ်သီးများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်အချို့သည် မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင် ဖြစ်နေသည့် တိုက်ပွဲများကြောင့် ဩဂုတ်လ ၂၆ ရက်မှစ၍ ပိတ်မိနေကြသည်။
ထို့ကြောင့် တာရှည်မခံသည့် သစ်သီးများမှာ ပုပ်သိုးပျက်စီးသွားခြင်းကြောင့် လမ်းပိုင်းတွင်ပင် စွန့်ပစ်လိုက်ရပြီး အခြားသစ်သီးများကိုမူ ရေးမြို့နှင့် အနီးဝန်းကျင်တွင်ရှိသော ကုန်သည်များနှင့် ချိတ်ဆက်ပြီး ရောင်းချလိုက်ရကြောင်း ထားဝယ်မြို့ရှိ သစ်သီးဆိုင်ရှင်အချို့ထံမှ သိရသည်။
“ဖရဲသီးဆိုရင် အကုန်လွှင့်ပစ်လိုက်ရတယ်။ နောက်ပြီး ပန်းကိုလည်း စွန့်ပစ်လိုက်ရတယ်” အထက်ပါသစ်သီး ဆိုင်ရှင်အမျိုးသမီးက ပြောသည်။
သစ်သီးဝယ်ယူမှု အများဆုံးနေ့များဖြစ်သည့် အဖိတ်နေ့အကြို တောအဖိတ်နေ့ဖြစ်သည့် ယနေ့ တော်သလင်းလဆန်း ၁၃ ရက်တွင် ထားဝယ်မြို့ရှိ စည်ပင်သာယာဈေးကြီးနှင့် ကမ်းနားဈေးတို့တွင်လည်း လိုအပ်သည့် သစ်သီးများ မရှိတော့ ကြောင်း ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“ဒီမနက် ဈေးကြီးတစ်ဈေးလုံး ပတ်ရှာတယ်။ စပျစ်သီး၊ လိမ္မော်သီး၊ ပန်းသီး လုံးဝမရှိဘူး” ဟု ၎င်းက ပြောဆိုသည်။
ထားဝယ်သစ်သီးဈေးကွက်တွင် ရောင်းချသော သစ်သီးများသည် မြဝတီနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံမှ အများဆုံး တင်သွင်းခြင်းဖြစ်ပြီး အချို့ကိုမူ ရန်ကုန်မြို့ဘက်ကလည်း တင်သွင်းရောင်းချကြောင်း သစ်သီးရောင်းချသူများက ဆိုသည်။







