ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အထွေထွေကုန်စျေးနှုန်း မြင့်တက်နေသော်လည်း ဝဥရာသီဖွင့်ချိန် ယခင်နှစ်ထက်ဈေးနည်း

September 4, 2025

အထွေထွေကုန်စျေးနှုန်း မြင့်တက်နေသော်လည်း ဝဥရာသီဖွင့်ချိန်တွင် ဝဥအစိုတစ်ပိဿာလျှင် ယမန်နှစ်ထက် ကျပ်တစ်ထောင်ဈေးလျော့နေကြောင်း ဝဥကုန်သည်အချို့နှင့် တောင်သူအချို့ထံမှ သိရသည်။

လက်ရှိတွင် ဝဥအစို တစ်ပိဿာလျှင် ငွေကျပ်သုံးထောင်ကျော်‌ ဈေးပေါက်နေပြီး ယမန်နှစ်ရာသီစချိန်ကမူ ကျပ်လေးထောင်ဈေးရှိခဲ့သည်။

ဝဥကို ပျမ်းမျှအားဖြင့် ဖေဖော်ဝါရီလဝန်းကျင်တွင် စတင်စိုက်ပျိုးကြပြီး ဆောင်းရာသီအစဖြစ်သည့် စက်တင်ဘာလဆန်း သို့မဟုတ် အောက်တိုဘာလဝန်းကျင်တွင် အများအားဖြင့်တူးဖော်ပြီး ရောင်းချလေ့ရှိသည်။

ယမန်နှစ်ထက် ဝဥရာသီအဖွင့်ဈေးကျနေသည့်အတွက် တောင်သူအများစုက ဝဥမတူးကြသေးဘဲ အခြေအနေစောင့်ကြည့် နေကြကြောင်း ဘုတ်ပြင်းမြို့နယ်နေ ဝဥတောင်သူတစ်ဦးက ဆိုသည်။

“ဝဥတူးတဲ့ရာသီက ဆောင်းရာသီလောက်မှတူးရောင်းကြတာ။တချို့ ကလည်းအခုကတည်းက ‌တူး‌ရောင်းနေကြပြီ။ ဈေးကတော့ကျနေတယ်”ဟု ၎င်းက ပြောသည်။

ဝဥဈေးကျနေသည့်အတွက် တူးဖော်ရောင်းချချင်သူအချို့မှာ အခက်တွေ့နေကြပြီး အချို့တောင်သူများကမူ ဈေးကောင်းရမှသာ တူးဖော်ရောင်းချမည်ဟု စီစဉ်ထားသော်လည်း သူခိုးအန္တရာယ် စိုးရိမ်နေရကြောင်း ဝဥတောင်သူအချို့ကဆိုသည်။

လက်ရှိတွင် ဝဥအဝယ်စနေပြီဖြစ်သော်လည်း တိုင်းအတွင်းဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများကြောင့် ကားလမ်းများမကြာခဏပိတ်နေပြီး သယ်ယူရခက်ခဲနိုင်ကြောင်း ကုန်သည်အချို့က ဆိုသည်။

“ဝဥက တူးပြီးရင်ချက်ချင်းတင်ပို့တာက အကောင်းဆုံးပဲ။ရက်ကြာလာရင် အလေးချိန်လျှော့ပြီး ကျွန်တော်တို့ ကုန်သည်တွေရှုံးတယ်။အခုကလည်းကားလမ်းတွေ ဟိုပိတ်ဒီပိတ်နဲ့ “ဟု မြိတ်မြို့နယ်နေ ဝဥကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် မြိတ်-ပုလောလမ်းပိုင်းရှိ ပလမြို့ဝန်းကျင်တွင် လမ်းပိတ်လေ့ရှိသလို ရေး-ထားဝယ်လမ်းပိုင်းတွင်လည်း ကားလမ်းများ မကြာခဏ ပိတ်လေ့ရှိသည်။

ထိုကဲ့သို့ လမ်းခရီးအခြေအနေများကြောင့် ကျေးရွာများတွင်သွားမဝယ်နိုင်သေးကြောင်း အထက်ပါကုန်သည်က ဆိုသည်။

ဝဥကို တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စိုက်ပျိုးကြပြီး အခြောက်ခံသည့် စက်ရုံများလည်းရှိသည်။

ဝဥကို ကြာဆန်ခြောက်၊ ခေါက်ဆွဲခြောက်၊ အသားတု၊ အသားလုံးစသည့် စားသောက်ကုန်များ ထုတ်လုပ်သလို အလှကုန်နှင့် ဆေးဝါးထုတ်လုပ်ရာတွင်လည်း အသုံးပြုကြသည်။