BREAKING
October 19, 2025

မြိတ်တွင် ငရုတ်သီး ၁၀တောင့် ကျပ်တစ်ထောင်ပေးရ၊ ကုန်စိမ်းပြတ်သဖြင့် အသုပ်ဆိုင် မုန့်ဆိုင်အချို့ရပ်နား

September 4, 2025

မြိတ်မြို့တွင် ငရုတ်သီး ၁၀တောင့်လျှင် ကျပ်တစ်ထောင်၊ ကြက်ဥတစ်လုံးလျှင် ၁၂၀၀ ကျပ်အထိ ဈေးမြောက်နေပြီး ကုန်စိမ်းအချို့ ပြတ်လပ်နေကြောင်း မြို့ခံများထံမှ သိရသည်။

ရန်ကုန်-ထားဝယ် အမှတ် ၈ ပြည် ထောင်စုလမ်းပိုင်းဖြစ်သည့် မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွား နေသဖြင့် ဩဂုတ်လ ၂၆ ရက်ကစပြီး ကုန်တင်ယာဉ်၊ ခရီးသည်တင်ယာဉ်များ ပိတ်မိနေသည်မှာ ၁၀ ရက်ရှိလာပြီဖြစ်သည်။

ထို့ကြောင့် ရန်ကုန်ဘက်မှ တင်သွင်းသည့် ကုန်စိမ်းများ ပြတ်လပ်လာပြီး တဖြည်းဖြည်းဈေးတက်လာခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။

စက်တင်ဘာလ ၃ ရက်တွင် မြိတ်မြို့ရှိ ဈေးဆိုင်များတွင် ငရုတ်သီး ၁၀ တောင့်လျှင် ကျပ် တစ်ထောင်ဖြင့် ရောင်းချနေကြောင်း မြို့ခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ငရုတ်သီးလည်း ဈေးတက်၊ ဂေါ်ဖီထုပ်လည်းဈေးတက်။ တချို့ အသုပ်ဆိုင်ငယ်လေးတွေဆို ပိတ်ထားကြရတဲ့အထိပဲ” ဟု ၎င်းက ပြောသည်။

ငရုတ်သီးအပြင် ရန်ကုန်မှ မြိတ်ဘက်သို့တင်သွင်းနေသည့် ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး အပါအဝင် ကုန်စိမ်းပစ္စည်း အချို့ပြတ်လပ်နေပြီး ဈေးအဆမတန် မြင့်တက်နေကြောင်း ဈေးသည်အချို့က ဆိုသည်။

ယင်းအပြင် ကြက်ဥဈေးနှုန်းလည်း မြင့်တက်လာပြီး ယနေ့ စက်တင်ဘာလ ၄ ရက်တွင် တစ်လုံးလျှင် ၁၂၀၀ ကျပ်အထိ ဈေးမြောက်လာသည့်အတွက် ကိတ်မုန့်လုပ်သူများ အလုပ်ရပ်နားထားကြောင်း မြို့ခံအချို့နှင့် ကိတ်မုန့်လုပ်သူများထံမှ သိရသည်။

လမ်းမပိတ်မီက ကြက်ဥတစ်လုံးလျှင် ကျပ် ၆၀၀ ဝန်းကျင်ဈေးရှိရာက နှစ်ဆက် စျေးတက်သွားခြင်းဖြစ်ပြီး ဆိုင်များတွင် အလုံးရေ အကန့်အသတ်ဖြင့်သာ ရောင်းနေကြကြောင်း မြို့ခံအချို့က ဆိုသည်။

“ကြက်ဥဈေးကတော့ အဆိုးဆုံးပဲ။ အဆမတန် တက်နေတာ။ လိုသလောက်လည်း ဝယ်မရဘူး။ မုန့်တိုက်တချို့ဆို ကိတ်မုန့် လုပ်တာတောင် နားထားရတယ်။ ဧပြီလက ဈေတက်တုန်းကတောင် (ကျပ်) တစ်ထောင် မကျော်ဘူး” ဟု မြို့ခံ အခြားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလက တိုက်ပွဲများကြောင့် မြိတ်-ထားဝယ်လမ်းပိုင်း ပိတ်ထားချိန်က ထားဝယ်ဘက်မှ ရေလမ်းခရီးက သယ်ယူကြသည့်အတွက် ကြက်ဥတစ်လုံးလျှင် အမြင့်ဆုံးကျပ် ၈၀၀ အထိသာ ဈေးမြောက်ခဲ့ဖူးကြောင်း မြို့ခံများက ပြောဆိုသည်။

ရန်ကုန်-ထားဝယ်လမ်းရှိ မလွှဲတောင်-ကလိန်အောင်လမ်းပိုင်းတွင် တိုက်ပွဲများပြင်းထန်နေသဖြင့် လမ်းဖြတ်သန်းခွင့် ပိတ်ထားသည့်အတွက် ထားဝယ်ဒေသတွင်လည်း ကြက်ဥနှင့် ငရုတ်သီးအပါအဝင် ကုန်စိမ်းများ ပြတ်လပ်ကာ အဆမတန် ဈေးတက်နေသည်။

အဆိုပါ လမ်းပိုင်းတွင် ကုန်တင်ယာဉ်မျာပိတ်မိနေရာ ကုန်စိမ်းကားများလည်း ပါဝင်နေသဖြင့် ကုန်စိမ်းများ ပုပ်သိုးကုန်ကာ လမ်းဘေးစွန့်ပစ်သူများရှိနေသည်။