မြန်မာ့လက်ဝှေ့နဲ့ ပူးပေါင်းလိုက်ပြီဖြစ်တဲ့ BKFC ဟာ သူတို့ရဲ့ ပြိုင်ပွဲတွေထဲ ခေါင်းတိုက်ချက်နဲ့ အလဲထိုး ပွဲသိမ်းနိုင်တဲ့ဖိုက်တာကို ဘောနပ်စ်ကောင်းကောင်းပေးဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။
ခေါင်းတိုက်ချက်နဲ့ ပွဲသိမ်းနိုင်တဲ့ဖိုက်တာကို အမြင့်မားဆုံးဘောနပ်စ်ဆုကြေးပေးမှာဖြစ်ပြီး ဒါဟာ BKFC ရဲ့အမှတ်အသားတစ်ခု ဖြစ်လာလိမ့်မယ်လို့ ပရိသတ်တွေက သုံးသပ်နေကြပါတယ်။
BKFC က အခုပေးအပ်ချီးမြှင့်မယ့်ဆုကြေးဟာ ဘယ်ကိုယ်ခံပညာစုံတိုက်ခိုက်ရေး Fight ပြိုင်ပွဲမှာမှ မရှိတဲ့အတွက် ပရိသတ်တွေ စိတ်ဝင်စားမယ့်ထူးခြားချက်တစ်ခုလည်း ဖြစ်လာနိုင်စရာရှိနေပါတယ်။
BKFC ဟာ Fight of The Knight၊ KO of The Night၊ Performance of The Night အစရှိတဲ့ ဘောနပ်စ်ဆုကြေးတွေလည်း ချီးမြှင့်မှာဖြစ်ပြီး ဆုကြေးအကြီးဆုံးဘောနပ်စ်ကတော့ Headbutt KO of The Night ဖြစ်လာလိမ့်မယ်လို့ BKFC က အသိပေးထားပါတယ်။
ဘောနပ်စ်ဆုကြေးကို ဘယ်လောက်အတိုင်းအတာပေးမယ်ဆိုတာ အတိအကျ မပြောသေးပေမယ့် မြင့်မြင့်မားမား ထိုက်ထိုက်တန်တန် ဘောနပ်စ်ဆုကြေးဖြစ်စေရမယ်လို့ အသိပေးထားတဲ့အတွက် စိတ်ဝင်စားစရာကောင်းနေပါတယ်။
အခု သတ်မှတ်လိုက်တဲ့ ဘောနပ်စ်ဆုကြေးသစ်အရ BKFC ပြိုင်ပွဲတွေမှာ ခေါင်းတိုက်ချက်နဲ့ ပွဲသိမ်းနိုင်စွမ်းရှိတဲ့ဖိုက်တာတွေ အများအပြား ပေါ်ထွက်လာတော့မှာဖြစ်သလို ခေါင်းတိုက်ချက်နဲ့ ပွဲသိမ်းရတာကို အရမ်းပဲသဘောကျနှစ်ခြိုက်တဲ့မြန်မာ့ရိုးရာလက်ဝှေ့ဖိုက်တာတွေအတွက်လည်း ဘောနပ်စ်ရရှိဖို့ အခွင့်အလမ်းကောင်းဖြစ်လာတော့မှာပဲဖြစ်ပါတယ်။







