BREAKING
October 19, 2025

ပိုလန်တွင် အမေရိကန်တပ်ဖွဲ့များ တိုးမြှင့်ချထားနိုင်ကြောင်း ထရမ့်ပြော

September 4, 2025

ပုံစာ - အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် ပိုလန်သမ္မတ Nawrocki တို့ စက်တင်ဘာလ ၃ ရက်နေ့က အိမ်ဖြူတော်တွင် တွေ့ဆုံစဉ်။ ဓာတ်ပုံ - Reuters

ပိုလန်တွင် အမေရိကန်တပ်ဖွဲ့များကို တိုးမြှင့်ချထားနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၃ ရက်နေ့တွင် ပြောဆိုလိုက်သည်။

ကွန်ဆာဗေးတစ် လက်ယာယိမ်း ပိုလန်သမ္မတ Karol Nawrocki နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံစဉ်အတွင်း ထရမ့်က ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အမေရိကန်သည် ပိုလန်နှင့် အင်မတန် ခိုင်မာသည့် ဆက်ဆံရေးရှိကြောင်း ထရမ့်က ပြောကာ ပိုလန်၏ လုံခြုံရေးအတွက် ၎င်းက အာမခံပြောဆိုခဲ့သည်။

အမေရိကန်တပ်ဖွဲ့များကို ပိုလန်တွင် ဆက်လက်ထားရှိမည်လား ဆိုသည်နှင့် ပတ်သက်၍ မေးမြန်းမှုကို ထရမ့်က “သူတို့ ဆန္ဒရှိရင် ကျွန်တော်တို့ နောက်ထပ်တပ်ဖွဲ့တွေ ပိုချထားပေးမှာပါ” ဟု ဖြေကြားခဲ့သည်။

၎င်းနှင့် ထရမ့်တို့အကြား ပိုလန်တွင် အမေရိကန်တပ်ဖွဲ့ အရေအတွက် တိုးမြှင့်ချထားရေးကို ဆွေးနွေးခဲ့ကြောင်း ထရမ့်နှင့် တွေ့ဆုံမှုအပြီးတွင် ပိုလန်သမ္မတ Nawrocki က ပြောဆိုခဲ့သည်။

ပိုလန်၏ လုံခြုံရေးအတွက် ထရမ့်က အခိုင်အမာ အာမခံခဲ့ကြောင်း ၎င်းက ပြောသည်။

ပိုလန်နိုင်ငံအပါအဝင် နေတိုးအဖွဲ့၏ အရှေ့ဘက်စစ်မျက်နှာပြင်တွင် အမေရိကန်တပ်ဖွဲ့များ ဆက်လက်ရှိနေရေးမှာ ပိုလန်အစိုးရအတွက် အဓိကပြဿနာများထဲမှ တစ်ခု ဖြစ်သည်။

ရုရှား၏ ယူကရိန်းကျူးကျော်စစ် ဆက်လက်ဖြစ်ပွားနေချိန် ပိုလန်သည် ၎င်း၏ လုံခြုံရေးအတွက် အထောက်အပံ့ ဆက်လက်ရရှိနေရေး ကတိကဝတ်များ ရရှိရန် ကြိုးပမ်းလျက်ရှိသည်။

Source: Reuters