တနင်္သာရီမြို့နယ်၊ ရမ်းဖိုရွာတွင် မြိတ်ဘက်မှလာသည့် စစ်အာဏာရှင်တပ်ယာဥ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက ပြည်ထောင်စုလမ်းမပေါ်တွင် နှစ်ကြိမ် တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်၏ ပြောဆိုချက်နှင့် ဗိုလ်ခရင်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်တို့အရ သိရသည်။
ယနေ့ ဩဂုတ် ၄ရက် နံနက် ၁၁နာရီကျော်တွင် မြိတ်ဘက်မှ တက်လာသည့် ယာဉ် ရှစ်စီးပါ ယာဉ်တန်းကို ရမ်းဖိုရွာ တံတားကြီးထိပ်တွင် မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီးထိမှန်ကြောင်း ဗိုလ်ခရင်းတပ်ဖွဲ့က ထုတ်ပြန်သည်။
ထိုသို့ မိုင်းဆွဲပြီးနောက် ကင်းပုန်းဝပ်နေသည့် စစ်အာဏာရှင် တပ်သားများနှင့် ဗိုလ်ခရင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဖော်ပြထားသည်။
“ယာဥ်တန်းက သိန်ခွန်းဘက် စစ်ကူတက်တဲ့ ကားတွေလို့သိရတယ်။ ကား ခြောက်စီးမှာ အင်အားအပြည့်နဲ့၊ နှစ်စီးက ရိက္ခာ ကားတွေ။ တိုက်ပွဲဖြစ်တာက ကားထဲသူတွေက ပြန်မပစ်ကြဘူး။ လမ်းကင်းယူထားသူတွေနဲ့ ဖြစ်ကြတယ်” ဟု တိုက်ပွဲတွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ် ယာဥ်တန်းသည် မိုင်းဆွဲခံရသည့် ရမ်းဖိုရွာတံတားကြီးမှ တနင်္သာရီဘက်ကို ဆက်မောင်းလာစဥ် နေ့လယ် ၁၂နာရီဝန်းကျင်တွင် ရမ်းဖိုရွာနှင့် ကမ်းတိုရွာကြား၌ တနင်္သာရီ ပကဖဇုန် (၃) နှင့် ဇုန် (၅) တို့က ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်ရာတွင်ပါဝင်သည့် တပ်ဖွဲ့ဝင် အခြားတစ်ဦးက ဆိုသည်။
“ကားထဲက ပစ်ပြီးတက်လာတယ်။ လမ်းတောက်လျှောက်ပစ်ပြီး တက်လာကြတယ်။ မိုင်းဆွဲပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်တယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောဆိုသည်။
အဆိုပါ တိုက်ပွဲကို ဗိုလ်ခရင်းတပ်ဖွဲ့၊ တနင်္သာရီပကဖ ဇုန် (၃) နှင့် ဇုန် (၅) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်မှုရှိသော်လည်း စုံစမ်းနေဆဲဖြစ်ကြောင်း အထက်ပါ တပ်ဖွဲ့ဝင်များက ပြောသည်။
သြဂုတ်လ ၃ရက်ကမူ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့်ပစ်ပြီး ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် ရမ်းဖိုရွာအနီးရှိ မော်တုန်းရွာတွင် လူနေအိမ်နှစ်ဆောင် ပျက်စီးခဲ့သည်။