ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး ရေး-ထားဝယ်ကားလမ်းမပေါ်ရှိ ကော့လှိုင်ရွာတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား ယနေ့ ထိတွေ့တိုက်ပွဲဖြစ်ကြောင်း ကားသမားများနှင့် ဒေသခံများထံမှ သိရသည်။
ယနေ့ ဩဂုတ်လ ၄ရက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် နှစ်ဖက်ပစ်ခတ်သံများ စကြားရပြီး လက်နက်ကြီး ပစ်ခတ်သံများလည်း ညနေ ၃ နာရီဝန်းကျင်အထိ ကြားရကြောင်း ဒေသခံများက ပြောဆိုသည်။
“(ပစ်ခတ်မှု) ငြိမ်တော့ငြိမ်သွားပြီ။ အခု လက်နက်ကြီးပစ်ခတ်မှုပါ ရပ်နေတယ်။ ဘယ်အချိန် ထပစ်မယ်မသိဘူး။ အရပ်သားတော့ မထိခိုက်ဘူး။ ပိတ်မိတဲ့လူတွေတော့ရှိတယ်” ဟု ကော့လှိုင်ရွာနှင့် ရွာချင်းကပ်ရက် မရမ်းချောင်းရွာမှ ဒေသခံတစ်ဦးက ယနေ့ညနေပိုင်းတွင် ပြောသည်။
ထိတွေ့တိုက်ပွဲကြောင့် ရေး-ထားဝယ် ကားလမ်းပိုင်းရှိ မရမ်းချောင်းရွာထိပ်တွင် ကားများ ပိတ်မိနေပြီး ညနေ ၄ နာရီဝန်းကျင်တွင် ပြန်လည်သွားလာခွင့်ရကြောင်း ကားသမားက ဆိုသည်။
တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအခြေအနေကိုမူ အတည်ပြုနိုင်ရန် Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃၀ရက်ကလည်း ကော့လှိုင်ရွာဝန်းကျင် ထိတွေ့တိုက်ပွဲ တစ်ကြိမ်ရှိခဲ့ပြီး နှစ်ဖက် ထိခိုက်မှုရှိကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
ထိတွေ့တိုက်ပွဲများ မဖြစ်ပွားမီကတည်းက စစ်အာဏာရှင်တပ်ရင်းများနှင့် စစ်သင်္ဘောများက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကော့လှိုင်၊ မရမ်းချောင်းနှင့် မိုင် ၆၀ ရွာသုံးရွာက ဒေသခံများ နေ့ရပ်စွန့်ခွာ တိမ်းရှောင်နေရသည်မှာ ရက်သတ္တပတ်ကျော်နေပြီဖြစ်ကြောင်း တိမ်းရှောင်နေရသည့် ဒေသခံများထံမှ သိရသည်။







