သရက်ချောင်းမြို့နယ် ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ဝင်းဝရွာတွင် စစ်အာဏာရှင်တပ်က ပစ်ခတ်သဖြင့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။
ဩဂုတ်လ ၃ရက် ညဦးပိုင်းတွင် ဝင်းဝနယ်မြေရဲစခန်းက စစ်အာဏာရှင်တပ်ဖွဲ့ဝင်နှစ်ဦး လက်နက်နှင့်အတူ ထွက်ပြေး သဖြင့် ဝင်းဝရဲစခန်းက စစ်အာဏာရှင်တပ်ဖွဲ့ဝင်များသည် ကျေးရွာထဲတွင် နေအိမ်များကို ဝင်ရောက်ရှာဖွေကြောင်း ၎င်းတို့က ဆိုသည်။
“ပတ်ဝန်းကျင်က ပြောနေကြတာတော့ အိမ်ပေါ်ကို တက်တာနဲ့ အမေးအစမ်းမရှိ၊ အိမ်ပေါ်တက်ရှာပြီးတာနဲ့ ပစ်သတ်ခဲ့တယ်လို့ ပြောတာပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
ယင်းအပြင် ဒေသခံ ၂၀ ကျော်ကိုလည်း ဝင်းဝရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ဆေးမေးမြန်းပြီးနောက်မူ ညတွင်းချင်း ပြန်လွှတ်ခဲ့ကြောင်း ၎င်းက ပြောသည်။
ပစ်ခတ်ခံရသဖြင့် သေဆုံးသူမှာ ဦးသန်းစိုးဖြစ်ပြီး ညာဘက်ရင်အုံနှင့် နံကိုင်းကြားတွင် ကျည်ဆန် သုံးချက် ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးကြောင်း ဒေသခံအမျိုးသား အခြားတစ်ဦးက ဆိုသည်။
စစ်အာဏာရှင်တပ်ဖွဲ့ဝင်များ ရွာထဲဝင်ရောက်ရှာဖွေချိန်တွင် ထွက်ပြေးလာသူနှစ်ဦးမှာ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၄) KNLA တပ်ရင်း (၁၂) တပ်ခွဲ (၂) ထံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကစယ်ဒိုကျားအထူးတပ်ဖွဲ့က တပ်ခွဲမှူး စောဘဦးသစ်က ပြောဆိုသည်။
“အရပ်သားတစ်ယောက် (စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေ) သူတို့ ပစ်သတ်လိုက်တယ်။ သူတို့ဝင်ရှာတဲ့အချိန်က (ထွက်ပြေး လာတဲ့ စစ်အာဏာရှင်တပ်က တပ်ဖွဲ့ဝင်နှစ်ဦး) ကျွန်တော်တို့လက်ထဲကို ရောက်တာကြာပြီလေ။ သူတို့လူပျောက်တော့ မည်းမည်းမြင်ရာ ပစ်တာပေါ့” ဟု ၎င်းက ပြောသည်။
ဝင်းဝစခန်းနှင့် ကပ်လျက်ရှိ မင်းဒပ်ကျေးရွာတွင် KNLA တပ်ဖွဲ့ တပ်စွဲထားပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မကြာခဏရှိနေကြောင်း မင်းဒပ်ရွာသားအချို့က ဆိုသည်။
ယနေ့ ဩဂုတ်လ ၄ရက် နံနက် ၁၁ နာရီခန့်တွင် ဝင်းဝစခန်းကို တော်လှန်ရေးအင်အားစုဘက်က ပစ်ခတ်သဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ပြောဆိုသည်။







