BREAKING
October 19, 2025

တနင်္သာရီတွင် သဲဖြူရွာသားနှစ်ဦးကို စစ်အာဏာရှင်တပ်က သတ်ပြီးတောထဲပစ်ထား

August 4, 2025

ပုံစာ - ဇူလိုင်လ ၂၈ ရက်ကပြန်တွေ့ရသည့် သဲဖြူရွာသားနှစ်ဦး အလောင်းစွန့်ပစ်ခံရသည့်နေရာအားတွေ့ရစဥ် ။ ဓာတ်ပုံ - KNU

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုရှိ သဲဖြူရွာမှ ဒေသခံနှစ်ဦးကို စစ်အာဏာရှင်တပ်က သတ်ဖြတ်ပြီးနောက် ရုပ်အလောင်းကို ကြိမ်ချောင်းရွာဟောင်းအနီး တောထဲတွင် ပစ်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ကထုတ်ပြန်လိုက်သည်။

အသတ်ခံထားရသူနှစ်ဦးမှာ အသက် ၃၀ ကျော်အရွယ် စောပလိုနှင့် စောကဘီ ညီအစ်ကိုနှစ်ဦးဖြစ်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ပြန်ကြားရေးဌာနက ဩဂုတ်လ ၃ ရက်နေ့တွင် ကရင်ဘာသာဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကြိမ်ချောင်းရွာဟောင်းသည် သဲဖြူရွာနှင့် သိန်ခွန်းရွာအကြားတွင် တည်ရှိသည်။

မိသားစုဝင်တစ်ဦး ကျန်းမာရေး မကောင်းသဖြင့် ၎င်းတို့ညီအစ်ကိုနှစ်ဦးက ကျန်းမာရေးဆရာ သွားခေါ်မည်ဆိုကာ ထွက်သွားသည့် ဇူလိုင်လ ၁၅ ရက်ကတည်းက အဆက်အသွယ်ပြတ် ပျောက်ဆုံးနေခြင်းဖြစ်ပြီး ဇူလိုင်လ ၂၈ ရက်မှ အလောင်းပြန်တွေ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နား ကပြောသည် ။

“စစ်ကြောင်း(စစ်အာဏာရှင်တပ်)နဲ့တွေ့ပြီး အဖမ်းခံရတယ်။ အဲဒီစစ်ကြောင်းက သူတို့ကို သတ်ပစ်လိုက်တယ်။ သူတို့ဘယ်သူဘယ်ဝါမှန်းမသိတော့၊ နောက်မှ သြဂုတ်လ ၂ ရက်နေ့မှ သူတို့ဆွေမျိုး(ပျောက်ဆုံးနေသူနှစ်ဦး၏ဆွေမျိုး)က သူတို့ အင်္ကျီကို မှတ်မိတယ်ပေါ့နော် ” ဟု ၎င်းကပြောဆိုသည် ။

အလောင်းပြန်တွေ့သည့်နေရာတွင် ရုပ်အလောင်း တိတိကျကျမရှိတော့ဘဲ တစ်ပိုင်းတစ်စသာ ကျန်ရှိပြီး ပတ်ဝန်းကျင်တွင် ကြိုးတုပ်ထားသည်ဟု ယူဆရသည့် နိုင်လွန်ကြိုးများလည်း တွေ့ရကြောင်း KUN က ဖော်ပြသည့် မှတ်တမ်းဓာတ်ပုံ၌ တွေ့ရသည်။

တနင်္သာရီ – မောတောင်နယ်စပ်လမ်း သိန်ခွန်းရွာအနီးတွင် စစ်အာဏာရှင်တပ် က စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့တိုက်ပွဲများမကြာခဏ ဖြစ်ပေါ်ကာ စစ်ရေးတင်းမာနေသည်မှာ နှစ်ဝက်ကျော်ကြာနေပြီဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများ ထံမှသိရသည် ။

ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်ကလည်း ကလိန်အောင်မြို့ နှင့် နတ်အိမ်တောင်အကြား ဓာတ်ငွေ့ပိုက်လိုင်းတစ်နေရာတွင် သတ်ဖြတ်ခံထားရသည်ဟု ယူဆရသည့် အမည်မသိ အမျိုးသားအလောင်းတစ်လောင်းတွေ့ခဲ့သေးသည်ဟု KNU နှင့် ဒေသခံများ ထံမှသိရသည် ။