လာမယ့်ဩဂုတ်လ ၈ ရက်နေ့ရောက်ရင် ခေါင်ပွဲထိုးရဖို့ ရှိနေတဲ့ မြန်မာဖိုက်တာလေး သန့်ဇင်ရဲ့ ပွဲစဉ်ဟာ တစ်ပတ် နောက်ရွှေ့သွားခဲ့ပါပြီ။
ပွဲပျက်သွားတာ မဟုတ်ဘဲ ပြိုင်ဘက်ဖြစ်သူ ဂင်ဆန်လတ် မကျန်းမာလို့ တစ်ပတ် နောက်ရွှေ့သွားတာသာဖြစ်ကြောင်း သန့်ဇင်က ရှင်းပြထားပါတယ်။
One Friday Fights 119 ပြိုင်ပွဲကြီးမှာ သန့်ဇင်နဲ့ ဂင်ဆန်လတ်တို့ကို ခေါင်ပွဲအဖြစ် ပွဲတည်ပေးထားပြီး လက်ရှိမှာတော့ သူတို့ရဲ့ ပွဲဟာ ONE Friday Fights 120 ပြိုင်ပွဲကြီးဆီ ရွှေ့ဆိုင်းသွားပြီဖြစ်ပါတယ်။
ONE Friday Fights 120 ပြိုင်ပွဲကြီးကို လာမယ့် ဩဂုတ်လ ၁၅ ရက်နေ့ရောက်ရင် ကျင်းပမှာဖြစ်ပြီး သန့်ဇင်ကတော့ လက်ရှိမှာ ထိုင်းနိုင်ငံကိုရောက်ရှိကာ လေ့ကျင့်ပြင်ဆင်နေပြီလည်းဖြစ်ပါတယ်။
သန့်ဇင်နဲ့ ဂင်ဆန်လက်တို့ဟာ ထိုးခဲ့ပြီးတဲ့ပွဲစဉ်တွေမှာတော့ နှစ်ချီအတွင်း ပွဲကို အပြတ်ဖြတ်တဲ့ဖိုက်တာတွေဖြစ်ပြီး အဲ့ဒီ ပွဲချီ နှစ်ချီအတွင်း သူတို့နှစ်ယောက်က နိုင်ရင် နိုင်၊ မနိုင်ရင် ရှုံးတဲ့အဖြေ ထွက်ပေါ်လေ့ရှိပါတယ်။
ဂင်ဆန်လက်နဲ့ သန့်ဇင်တို့ရဲ့ ပွဲဟာ ဆိုင်ထိုးပြိုင်ထိုးရမယ့် ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်ခြေရှိနေပြီး နှစ်ပွဲဆက်တိုက် အရှုံးရလဒ်ကြုံဆုံထားရတဲ့ သန့်ဇင်ဟာ ဒီပွဲကို အနိုင်ရမှပဲ ဖိအားတွေအောက်ကနေ ရုန်းထွက်နိုင်ပါလိမ့်မယ်။
ဂင်ဆန်လက်နဲ့ သန့်ဇင်တို့ရဲ့ ပွဲမှာ အလဲထိုးနဲ့ အနိုင်ရရှိသူ ထွက်ပေါ်လာခဲ့မယ်ဆိုရင် အနိုင်ရသူကို ONE ရဲ့စီအီးအို ချတ်ထရီ က ဘောနပ်စ်ချီးမြှင့်ဖွယ် ရှိနေပါတယ်။







