Ranking Prediction တွေမှာ အောက်ဆုံးနားကနေ မတက်ခဲ့တဲ့ အသင်းလေးတစ်သင်းဖြစ်ခဲ့တဲ့ Yangon Galacticos ဟာ ပြိုင်ဖက်အသင်းတွေအားလုံးကို တဟုန်ထိုး ကျော်ဖြတ်အနိုင်ယူပြီး 2025 PUBG MOBILE WORLD CUP ပြိုင်ပွဲကြီးရဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို မြန်မာနိုင်ငံအတွက် ဆွတ်ခူးရယူပြနိုင်ခဲ့ပြီဖြစ်ပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယတ်ဒ်မြို့မှာကျင်းပတဲ့ PMWC 2025 (2025 PUBG MOBILE WORLD CUP)ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု YG (ခ) Yangon Galacticos အသင်းက ထိုက်ထိုက်တန်တန် ဗိုလ်စွဲပြီး ချန်ပီယံဆုဖလားကြီးကို ကိုင်မြှောက် အောင်ပွဲခံသွားခဲ့တာပါ။



ဒီချန်ပီယံဆုဟာ Yangon Galacticos အသင်းကို 𝗪𝗼𝗿𝗹𝗱 𝗖𝘂𝗽 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻 ဆု ဆွတ်ခူးရယူနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး Esports အသင်း၊ လက်ရှိအချိန်မှာ မြန်မာကိုယ်စားပြု ကမ္ဘာဖလားချန်ပီယံဆုရ တစ်သင်းတည်းသော Esports အသင်းအဖြစ် မှတ်တမ်းဝင်သွားစေခဲ့ပြီလည်းဖြစ်ပါတယ်။
ဖိုင်နယ်မှာ တကယ့်ကို တည်တည်ငြိမ်ငြိမ်နဲ့ ကစားပြသွားခဲ့တာကြောင့်လည်း YG (ခ) Yangon Galacticos အသင်းရဲ့ စွမ်းဆောင်ရည်ကို Esports ပရိသတ်များစွာက ချီးကျူးဂုဏ်ပြုနေကြပါတယ်။
ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးသိမ်းပိုက်သွားနိုင်ခဲ့တဲ့ YG (ခ) Yangon Galacticos အသင်းဟာ ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၅ သိန်း ရရှိလိမ့်မယ်လို့ သတင်းကြားသိရပါတယ်။







