ထားဝယ်ခရိုင်၊ ကလိန်အောင်မြိုနှင့် ရေဖြူမြို့ကြား အမှတ် ၈ ပြည်ထောင်စုလမ်းတွင် ယနေ့ ဇူလိုင်လ၄ ရက် ညနေက ယာဉ်မတော်တဆဖြစ်ပြီး အမျိုးသား၊ အမျိုးသမီး လေးဦးဒဏ်ရာရကြောင်း တနင်္သာရီတိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့ထံမှ သိရသည်။
ရန်ကုန်မြို့မှ ထားဝယ်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်မော်တော်ယာဉ်ငယ်တစ်စီးသည် ရေဖြူမြို့အဝင်ရှိ ကျောက်လုံးကြီးဘုရားအနီးတွင် လမ်းချော်ပြီး ယာဉ်မတော်တဆဖြစ်ကြောင်း အထက်ပါအဖွဲ့၏ တာဝန်ရှိသူ ဦးနိုင်မျိုးသွင်က ပြောသည်။
“မိုးကလည်း ရွာနေတော့ ကားဘီးလမ်းချော်ပြီး ဘေးက တောင်ကမ်းပါးကို ဝင်တိုက်မိတာ။ ကားတစ်စီးလုံး ပျက်စီးသွားတယ်” ဟု ၎င်းက ဆိုသည်။
အမျိုးသား နှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအနက် အမျိုးသမီးကြီးတစ်ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း ယာဉ်မတော်တဆမှုတွင် ကူညီဆောင်ရွက်ပေးသူများက ပြောဆိုသည်။
ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည့်အမျိုးသမီးကြီးသည် မန္တလေးတိုင်း၊ တံတားဦးမြို့နယ် ဒေါ်ပြုံးလဲ့ဝင်းဖြစ်ပြီး ၎င်းး၏ သားဖြစ်သူတွင်လည်း ဦးခေါင်းဒဏ်ရာရရှိကြောင်း ကူညီဆောင်ရွက်ပေးခဲ့သူများထံမှ သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ရေဖြူမြို့နယ်ဒေသခံ ဇနီးမောင်နှံနှစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့ကြောင်း ကူညီဆောင်ရွက် ပေးသည့် မြို့ခံပရဟိတအဖွဲ့ ဝင်များက ပြောသည်။
ဒဏ်ရာရရှိသူ လေးဦးစလုံးကို တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့် လူနာတင်ယာဉ်အဖွဲ့၊ ရင်ခုန်သံ အရေးပေါ် လူနာတင်ယာဉ်အဖွဲ့၊ မိကျောင်းအိုင်အရေးပေါ်လူနာတင်ယာဉ်အဖွဲ့ နှင့် ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့က ရှေ့ဦး ပြုစုခဲ့ပြီး ထားဝယ်ဆေးရုံးကြီးသို့ ကူညီပို့ ဆောင်ပေးခဲ့ကြကြောင်း ကူညီဆောင်ရွက်သူများထံမှ သိရသည်။