ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မောင်းမကန်ရွာတွင် စစ်ကောင်စီ တပ်စွဲထားပြီး စစ်ကြောင်းဆက်ထိုးမည်ကို ဒေသခံများစိုးရိမ်

July 4, 2025

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာတွင် အင်အား တစ်ရာကျော်ရှိသည့် စစ်ကောင်စီတပ် တပ်စွဲထားပြီး ဒေသတွင်း စစ်ကြောင်းဆက်ထိုးမည်ကိုစိုးရိမ်ကြောင်း ဒေသခံများက ပြောသည်။

ထိုစစ်ကြောင်းသည် ဇူလိုင်လ ၁ ရက်မှစ၍ ထားဝယ်မြို့ဘက်မှ မောင်းမကန်ရွာဘက်သို့ ခြေလျင်စစ်ကြောင်းထိုးလာပြီး မောင်းမကန်ကျေးရွာရှိ ကံယုံဘုန်းကြီးကျောင်း၌ ယနေ့ ဇူလိုင်လ ၄ ရက်အထိ တပ်စွဲ ထားဆဲဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“ရွာထဲဝင်လာတာမျိုး၊ ပစ်တာခတ်တာမျိုးတွေတော့ မရှိဘူး။ သူတို့ ဘာသာ သူတို့နေတာ” ဟု ၎င်းက ပြောဆိုသည်။

သို့သော် မောင်းမကန်ကျေးရွာနှင့် တစ်ဆက်တည်းရှိသည့် ကျောက်ဆင် ငါးရွာအုပ်စုရှိ ဒေသခံအများစုမှာမူ စစ်ကြောင်း ဆက်ထိုးလာမည်ကို စိုးရိမ်ပြီး ကျေးရွာများမှ ပြောင်းရွှေ့နေကြကြောင်း အဆိုပါကျေးရွာအုပ်စုထဲရှိ သဘော့ဆိပ်ရွာ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ပြောင်းနေကြတာက တော်တော်များပြီ။ လမ်းကလည်း တစ်လမ်းတည်းရှိတော့ တကယ်လို့ စစ်ကြောင်းထိုးရင် ပိတ်မိနေကြမှာ စိုးလို့ ပြောင်းတဲ့သူကတော့ ပြောင်းနေကြပြီ” ဟု ၎င်းက ပြောသည်။

ဒေသခံအချို့မှာမူ ကျေးရွာများအတွင်း၌ပင် အခြေအနေစောင့်ကြည့် နေထိုင်နေကြကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းတစ်ကြောင်းသည် သဘောဆိပ်ပြင်ကြီးရွာတွင် ၁၃ ရက် ကြာ တပ်စွဲနေထိုင်ခဲ့ပြီးနောက် နေအိမ်များကို မီးရှို့ဖျက်ဆီးကာ ဒေသခံများ၏ တန်ဖိုးကြီးမော်တော်ဆိုင်ကယ်များကိုလည်း ယူဆောင်သွားခဲ့ဖူးရာ ယင်းသို့ လုပ်ဆောင်လာမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုကြသည်။