ထားဝယ်တွင် ယခုနှစ်မိုးရာသီ ကဒက်ဥ တူးဖော်ရောင်းချသူနည်း၍ စျေးကွက်အတွင်း မရှိသလောက်နည်းပါးနေကြောင်း ထားဝယ်မြို့ ကမ်းနားစျေးရှိ ကဒက်ဥတူးဖော်ရောင်းချသူ အမျိုးသမီးအချို့က ပြောသည်။
တောတောင်ထဲ၌ ရှာဖွေတူးဖော်ရသည့် ရာသီစာတစ်မျိုးဖြစ်သည့် ကဒက်ဥမှာ ယခုနှစ် ဇွန်နှင့် ဇူလိုင်လတို့အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် တိုက်ပွဲများကြောင့် ကျေးရွာများက ကဒက်ဥ ရှာဖွေတူးဖော်ရောင်းချသူများ ထွက်ပြေး တိမ်းရှောင်နေသဖြင့် ယင်းသို့ နည်းပါးခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။
“မိုးကြီးလို့ မတူးကြဘူး။ မိုးကြီးရင် သူကယားတယ်၊ မသယ်နိုင်ဘူး။ ဒါကြောင့်မတူးကြသေးတာ။ ကဒက်ဥက နေပူမှ တူးကြတာ” ဟု ကဒက်ဥ ရှာဖွေ တူးဖော်ရောင်းချသူအမျိုးသမီးတစ်ဦးက ပြောဆိုသည်။
ကဒက်ဥများကို တောတောင်အတွင်းရှာဖွေကာ ထားဝယ်မြို့ ကမ်းနားပျံကျစျေးတွင် နှစ်စဉ်လာရောက် ရောင်းချလေ့ ရှိသည့် လောင်းလုံးမြို့နယ်၊စခန်းကြီးကျေးရွာအုပ်စု၌ ဇွန်လကုန်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များကြား တိုက်ပွဲများကြောင့် ဒေသခံများ နေရပ်စွန်ခွာထွက်ပြေးနေကြရသည်။
ထိုကြောင့် စခန်းကြီး ကျေးရွာအုပ်စုဖြစ်သည့် စခန်းကြီး၊ စွန်တောင်ပေါ်၊ ဖွားဘုတ်ပြင်၊ တောင်မင်းပြောင်၊ မြို့ဟောင်း ကျေးရွာများအနီးရှိ တောတောင်များတွင် ကဒက်ဥနှင့် ရာသီပေါ် အစားအစာများကို ဒေသစျေးကွက်နှင့် မြို့ပေါ် စျေးကွက် များတွင် သွာရောက်ပြီး ရောင်းချနိုင်ခြင်းမရှိတော့ကြောင်း စစ်ဘေးရှောင်နေရသည့် ဖွားဘုတ်ပြင် ရွာသူတစ်ဦးက ဆိုသည်။
“ကဒက်ဥတူးဖို့ မပြောနဲ့ ကိုယ့်အိမ်ကိုယ့်ခြံကိုတောင် ပစ်ပြီး ထွက်လာခဲ့ရတာ။ အခုအချိန်အထိ ကျွန်မတို့ရွာ ကျွန်မတို့ မပြန်နိုင်ကြသေးဘူး” ဟုယင်းအမျိုးသမီးက ပြောသည်။
ထို့ကြောင့် ကဒက်ဥ ရာသီပေါ်ချိန်ဖြစ်သော်လည်း ယခုသီတင်းပတ်အတွင်း ထားဝယ်မြို့ ကမ်းနားစျေး ပျံကျစျေးကွက်၌ ကဒက်ဥ ရောင်းချနေသူများကို များများစားစား တွေ့ရှိ ရခြင်း မရှိသေးကြောင်း ကိုယ်တိုင်စျေးဝယ်သူများထံမှ သိရသည်။
ထားဝယ်မြို့ရှိ ကမ်းနားစျေးတွင် ကဒက်ဥ ရောင်းချသူနည်းနေသေးသည့်အတွက်လည်း စျေးမြင့်တက်လျက်ရှိပြီး လုံးပတ် တစ်လက်မ ခန့်နှင့် အရှည် တစ်ပေခန့်ရှိသည့် ကဒက်ဥတစ်ဥကို တစ်ထောင့်ငါးကျပ်အထိ ပေးဝယ်ခဲ့ရကြောင်း စျေးဝယ်သည့် မြို့ခံများထံမှသိရသည်။
ပြီးခဲ့သည့်နှစ် ယင်းကဲ့သို့ အရွယ်အစားရှိသည့် ကဒက်ဥတစ်ဥလျှင် ကျပ် ၃၀၀မှ ကျပ် ၅၀၀ အထိသာ ပေးရကြောင်း ၎င်းတို့က ဆိုသည်။
ကဒက်ဥသည် ထားဝယ်ဒေသတွင် မိုးရာသီ၌ အများဆုံးတွေ့ရပြီး ထားဝယ်ဒေသခံအများစုသည် ကဒက်ဥကို အဝိုင်းလိုက် လှီးဖြတ်ကာ ရှောက်ရွက်၊ပုစွန်ခြောက်များနှင့် ရောနှော၍ ဟင်းချိုချက်ပြီး ရာသီစာအဖြစ် စားသောက်ကြသည်။