တရုတ်နှင့် အမေရိကန်အကြား စစ်မက်ဖြစ်ပွားမှုမှာ ရှောင်လွှဲလို့ မရသည့်အရာ မဟုတ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ထိပ်တန်းအရာရှိတစ်ဦးက ဇူလိုင်လ ၃ ရက်နေ့တွင် ပြောဆိုလိုက်သည်။
တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် ကျင်းပသည့် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ်တွင် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာန အကြီးအကဲ Liu Jianchao က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ယင်းမှာ ကမ္ဘာ့စစ်အင်အားအကြီးဆုံး နိုင်ငံနှစ်ခုဖြစ်သည့် အမေရိကန်နှင့် တရုတ်အကြား စစ်ဖြစ်လာမည်ကို တရုတ်ဘက်က မလိုလားကြောင်း အခိုင်မာဆုံး ထုတ်ဖော်ပြောဆိုမှုများထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။
“တရုတ်နဲ့ အမေရိကန်ကြားက စစ်ပွဲက ရှောင်လွှဲလို့ မရဘူးလို့ လူတွေက မကြာခဏ ပြောလေ့ရှိကြပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလို မထင်ပါဘူး”ဟု Liu Jianchao က ဆိုသည်။
တရုတ်ပြည်သူများနှင့် အမေရိကန်ပြည်သူများသည် ငြိမ်းချမ်းရေးကို မြတ်နိုးသည့် ပြည်သူများ ဖြစ်ကြောင်း ၊ တရုတ်နှင့် အမေရိကန်အကြား စစ်မြေပြင်တွင် ထိပ်တိုက်တွေ့လိုမှုမှာ စိတ်ကူး၍ပင် မရနိုင်သည့်အရာဖြစ်ကြောင်း ၎င်းက ပြောသည်။
“စစ်အင်အားသုံးဖို့ ထောက်ခံလှုံ့ဆော်တတ်တဲ့ ၊ စစ်ရေးအင်အားထုတ်ပြရတာကို နှစ်သက်တဲ့ အဲဒီနိုင်ငံရေးသမားတွေအနေနဲ့ သူတို့ရဲ့ ရန်လိုတဲ့ အပြောအဆိုအသုံးအနှုန်းတွေကို စွန့်လွှတ်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ ပဋိပက္ခတွေ လှုံ့ဆော်တာမျိုးကို ရပ်တန့်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်”ဟုလည်း ၎င်းက ဖြည့်စွက်ပြောသည်။
မကြာသေးခင်က စင်္ကာပူနိုင်ငံတွင် ပြုလုပ်သည့် ရှန်ဂရီလာလုံခြုံရေးဆိုင်ရာဖိုရမ်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth ၏ ပြောကြားချက်နှင့် ပတ်သက်၍လည်း Liu Jianchao က မှတ်ချက်ပေးပြောဆိုခဲ့သည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth က အဆိုပါ ဖိုရမ်တွင် သမ္မတထရမ့်လက်ထက် အမေရိကန်၏ အာရှရေးရာမူဝါဒကို ပထမဆုံးချပြရှင်းလင်းခဲ့သည်။
တရုတ်နိုင်ငံသည် အာရှဒေသအတွက် မကြာမီပေါ်ပေါက်လာနိုင်သည့် ကြီးမားသည့် အန္တရာယ်တစ်ခု ဖြစ်ကြောင်း ၎င်းက သတိပေးခဲ့သည်။
ယင်းသို့ ပြောဆိုမှုမှာ အနိုင်ကျင့်လွှမ်းမိုးလိုသည့် စိတ်ဓာတ်သရုပ်သကန်အသစ်တစ်ခု ဖြစ်ကြောင်း Liu Jianchao က မှတ်ချက်ပေးသည်။
Pete Hegseth ၏ ပြောဆိုချက်နှင့် ပတ်သက်၍ Liu Jianchao က “သူ တကယ်လိုချင်တာက စစ်အင်အားသုံးရေးပဲ။ ဆွေးနွေးချင်တာ မဟုတ်ဘူး။ ထိပ်တိုက်ရင်ဆိုင်တာကိုပဲ သူ လိုချင်တာပါ။ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်မှုကို သူ လိုချင်တာမဟုတ်ဘူ”ဟု ပြောဆိုခဲ့သည်။
ကမ္ဘာ့နိုင်ငံများအကြား ကိုယ်နိုင်၊သူရှုံး ကစားပွဲပုံစံဖြင့် ဆက်သွားနေလျှင် အားလုံးအတွက် ပျက်စီးကိန်းကြုံပြီး ကမ္ဘာ့လူသားထု ခံနိုင်ဖွယ်မရှိသည့် တန်ကြေးကြီးကြီးမားမား ပေးဆပ်ရလိမ့်မည်ဟု Liu Jianchao က သတိပေးပြောဆိုခဲ့သည်။
အမေရိကန်နှင့် တရုတ်အကြား မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုသည် မကြာသေးခင် နှစ်များအတွင်း အရှိန်မြင့်တက်လာခဲ့သည်။
အထူးသဖြင့် သမ္မတဒေါ်နယ်ထရမ့် အာဏာရလာပြီးနောက်တွင် ပိုမိုအရှိန်မြင့်တက်လာခဲ့သည်။
Source: The Strait Times