BREAKING
October 20, 2025

ထားဝယ်တွင် ဧည့်စာရင်းအကြောင်းပြပြီး စစ်မှုထမ်းစုဆောင်း

July 4, 2025

ပုံစာ - စစ်မှုထမ်း အပတ်စဥ် ၁၄ သင်တန်း အတွက် စုဆောင်းခံရသူများအား မြိတ်မြို့တွင် အသုံးအဆောင်ပစ္စည်းများ ပေးသည့် အခမ်းအနား။ ဓာတ်ပုံ - ပုလဲရွှေပြည်။

ထားဝယ်မြို့ ၊ ပိန္နဲတောရပ်ကွက် ၊ နှင်းဆီလမ်းတွင် ဇူလိုင်လ ၂ ရက် ည ၁၁ နာရီခန့်က ဧည့်စာရင်းဝင်စစ်နေရင်း အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကို စစ်မှုထမ်းသင်တန်းတက်ရန် ခေါ်ဆောင်သွားကြောင်း ယင်းရပ်ကွက်နေသူများထံမှသိရသည်။

ရဲတပ်ဖွဲ့ဝင်နှစ်ဦး၊ စစ်ကောင်စီတပ်သားများ၊ ပျူစောထီးများ၊ ဆယ်အိမ်မှူးနှင့် အရပ်ဝတ် အမျိုးသားသုံးဦး ပါဝင်သည့် အဖွဲ့က နှင်းဆီလမ်းအတွင်း ဧည့်စာရင်းစစ်သည်ဆိုကာ အိမ်အမှတ်နှင့် အိမ်ထောင်စု စာရင်းများကို လိုက်လံစစ်ဆေးပြီးနောက် ယင်းလူငယ်ကို ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ရပ်ကွက်နေသူများကဆိုသည်။

“ဧည့်စာရင်းတောင် တစ်ခါမှ လမ်းထဲ လာမစစ်ဖူးဘူး။ အဲဒီနေ့က ထူးထူးဆန်းဆန်း လမ်းထဲကို ဝင်လာပြီး အိမ်နံပါတ်တွေနဲ့ အိမ်ထောင်စုစာရင်းကို တိုက်ပြီးစစ်တယ်။ သူတို့မှာလည်း စာရင်းစာရွက်နဲ့ တိုက်စစ်တယ်။ ကျန်တဲ့အိမ်တွေမှာ ဘာမှမပြောဘူး။ အဲဒီကောင်လေး အိမ်ရောက်မှ တစ်ခါတည်း ခေါ်သွားတယ်။ စစ်မှုထမ်း ဆင့်ခေါ်စာဆိုပြီး တစ်ချပ်(စာရွက်တစ်ရွက်)ပေးခဲ့တယ်။ ကျန်တာ ဘာမှမပြောသွားဘူး” ဟု နှင်းဆီလမ်း တွင် နေထိုင်သူတစ်ဦးကပြောပြသည်။

ယင်းသို့ ခေါ်ဆောင်သွားပြီးနောက် ထားဝယ်မြို့ရှိ စစ်ကောင်စီ တပ်ရင်းများ၊ ရဲစခန်းများတွင် မိသားစုက လိုက်လံစုံစမ်းသော်လည်း မည်သည့်နေရာတွင်ရှိနေသည်ကို ယနေ့ ဇူလိုင်လ ၄ ရက်အထိ သတင်းမရရှိကြောင်း မိသားစုနှင့် နီးစပ်သူများထံမှသိရသည်။

စစ်မှုထမ်းရန် အသက်အကျုံးဝင်သည့် အမျိုးသားများ၏စာရင်းကို စစ်ကောင်စီထံ ပေးထားရသဖြင့် သတိထားကြရန် ရာအိမ်မှူး ၊ ဆယ်အိမ်မှူးများက နှုတ်ဖြင့်သတိပေးဖူးကြောင်းလည်း ပိန္နဲတောရပ်ကွက်နေသူများကဆိုသည်။

ဇူလိုင်လ ၂ ရက်ညတွင်ပင် ထားဝယ်မြို့ ၊ ဆန်းချီရပ်ကွက်၌ အလားတူ ဧည့်စာရင်း စစ်ဆေးရင်း အမျိုးသားတစ်ဦးဖမ်းဆီးခံရကြောင်း ယင်းရပ်ကွက်နေသူများထံမှသိရပြီး ၎င်းကိုဖမ်းဆီးခြင်းသည် စစ်သားစုဆောင်းခြင်း ဟုတ်မဟုတ်ကိုမူ သီးခြားအတည်မပြုနိုင်သေးပေ။

စစ်ကောင်စီ၏ စစ်မှုထမ်း ဥပဒေတွင်မူ စစ်မှုထမ်းရန် ဆင့်ခေါ်စာပို့ပြီးမှ စာရင်းသွင်းပြီးသူများကို ဆင့်ခေါ်ရမည်ဟု ရေးသားပြဌာန်းထားသော်လည်း လက်တွေ့တွင် စစ်ကောင်စီက ထိုင်းမှပြန်ပို့ခံရသူများ ၊ လမ်းခရီးသွားသူများကို ဖမ်းဆီး၍ နည်းမျိုးစုံသုံးကာ စစ်သားစုဆောင်းနေကြောင်း တော်လှန်ရေးအင်အားစုများထံပြန်လည် ဘက်ပြောင်းလာသည့် စစ်မှုထမ်း သင်တန်းဆင်းများ၏ ပြောပြချက်များအရသိရသည်။

စစ်မှုထမ်းရန် ဆင့်ခေါ်စာပို့ခံရသူများသည်လည်း စစ်မှုမထမ်းလို၍ ထွက်ပြေးတိမ်းရှောင်ကြသဖြင့် ယခုကဲ့သို့ အိမ်တိုင်ရာရောက် ဆင့်ခေါ်စာဖြင့် တစ်ခါတည်း စစ်သားစုဆောင်းခြင်းဖြစ်နိုင်ကြောင်း ဆင့်ခေါ်စာပို့ခံရဖူးသူ ထားဝယ်မြို့ခံတစ်ဦးကသုံးသပ်သည်။

၂၀၂၄ ခုနှစ် မတ်လ ကစ၍ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းများ ဖွင့်လှစ်နေခြင်းဖြစ်ပြီး ယခုဇွန်လတွင် အပတ်စဥ် ၁၄ အထိ ရှိနေပြီဖြစ်သည်။